နှစ်ဖက်တပ် ညှိနှိုင်းပြီးမှသာ စစ်ရှောင်များအတွက် မိုင်းရှင်းလင်းရေး လုပ်ဆောင်နိုင်မည်ဟု ကချင် နယ်လုံဝန်ကြီး ပြော

နှစ်ဖက်တပ် ညှိနှိုင်းပြီးမှသာ စစ်ရှောင်များအတွက် မိုင်းရှင်းလင်းရေး လုပ်ဆောင်နိုင်မည်ဟု ကချင် နယ်လုံဝန်ကြီး ပြော
ပုံစာ ~ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း
ပုံစာ ~ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း

ကချင်ပြည်နယ်တွင် စစ်ရှောင် နေရပ်ပြန်များအတွက် မိုင်းရှင်းလင်းရေးမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးပြီးမှသာ နှစ်ဖက် ညှိနှိုင်းလုပ်ဆောင်ရမည်ဟု ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက ပြောဆိုခဲ့သည်။

နေရပ်ပြန် စစ်ရှောင်များအတွက် မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ မရှိ ဖေဖော်ဝါရီ ၂၈ ရက် ကချင်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ရွှေကူမြို့နယ်မဲဆန္ဒနယ်(၁) မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ယုက မေးမြန်းခဲ့ရာ ပြည်နယ် နယ်လုံ ဝန်ကြီးက ယခုလို ပြန်လည်ဖြေကြားခဲ့သည်။

“မိုင်း ရှင်းလင်းတဲ့ခါ မြေပြင်အခြေအနေမှာ မိုင်းထောင်ထားတဲ့ အနေအထားကို နှစ်ဖက်က ညှိနှိုင်းပြီးမှ ဆောင်ရွက်လို့ ရမယ်။ ဘယ်နေရာမှာ မိုင်းထောင်ထားတယ်။ တပ်မတော်အနေနဲ့ကတော့ မိုင်းထောင်ခြင်းနဲ့ ပတ်သက်ပြီးတော့မှ စွန့်လွှတ်မိုင်း ထောင်ခဲ့တာမျိုး မရှိပါဘူး။ တပ်မတော်အနေနဲ့ ထောင်ခဲ့တာတော့ အားလုံး မှတ်ပုံတင်မိုင်းတွေသာ ထောင်တာ ဖြစ်တယ်။ ထောင်ထားတဲ့မိုင်းတွေကလည်း စစ်ဆင်ရေးနယ်မြေအရ ပြည်သူလူထု သွားလာနိုင်တဲ့ နယ်မြေမှာ ထောင်ထားခဲ့တာမျိုး မရှိပါဘူး။ လက်ရှိ ကျနော် ဆွေးနွေးခဲ့တဲ့ မိုင်းတွေကတော့ KIA လက်နက်ကိုင်အဖွဲ့ လူပ်ရှားနေတဲ့ နယ်မြေမှာ NCA ထိုးပြီးတော့မှ သူတို့ ဘယ်နေရာမှာ ထောင်ထားလဲ၊ ထောင်ထားသော် နှစ်ဘက်အဖွဲ့အစည်းကနေ ညှိနှိုင်းပြီးတော့မှ တစ်ဆင့်ချင်း ဆောင်ရွက်ရမယ့် အနေအထားမျိုးဖြစ်နေတယ်” ဟု ဗိုလ်မှူးကြီး နေလင်းထွန်းက ပြန်လည်ဖြေကြားခဲ့သည်။

ပထမဆုံး နေရပ်ပြန်ဖြစ်သော နမ်ဆန်ယန်ဒေသခံတစ်ဦးသည် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကျေးရွာနှင့် မိုင်အနည်းငယ်ခန့်အကွာ ငါးဖမ်းရန်သွားစဉ် မိုင်းနင်းမိသဖြင့် ခြေထောက် ဖြတ်လိုက်ရသည်ဟု သိရသည်။ ထို့ကြောင့် စစ်ရှောင်များ မိမိနေရပ်သို့ ပြန်လည်နေထိုင်ရာတွင် စစ်ကြွင်းစစ်ကျန်များ၊ မြေမြှုပ်မိုင်းအန္တရာယ်များ အလွန်စိုးရိမ်နေရသဖြင့် သက်ဆိုင်ရာဌာနက တာဝန်ယူဖြေရှင်းပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မြေပြင်တွင် မိုင်းတွေ့ရှိလျှင်သော်လည်းကောင်း၊ မိုင်းထောင်ထားသည်ဟု သံသယရှိလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများထံသို့ တင်ပြပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပေါင်းစပ်ညှိနှိုင်းကာ ရှင်းလင်းပေးမည်ဟုသာ ဝန်ကြီးက ဖြေဆိုခဲ့သည်။

၂၀၁၉ ခုနှစ်တွင် မိုင်းကွဲဖြစ်စဉ် ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၈ဦး၊ ဒဏ်ရာရရှိသူ ၂၁ ဦးရှိခဲ့ကြောင်း ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဖြေကြားချက်အရ သိရသည်။

၂၀၁၁ ခုနှစ် ကချင်ဒေသ တစ်ကျော့ပြန်ဖြစ်ပွားလာသော တိုက်ပွဲကြောင့် လက်ရှိ ကချင်ပြည်နယ်အတွင်း စစ်ရှောင် ၁ သိန်းကျော်ရှိနေဆဲဖြစ်သည်။

စစ်ပြေးဒုက္ခသည်ကာလ (၈) နှစ်ပြည့်လာချိန် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ဒေသခံများကို အစိုးရနှင့်တပ်မတော်က နေရပ်ပြန်ပို့ခဲ့သည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...