Salai C Lian — ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီး – ပလက်ဝကြားလမ်းပေါ်တွင်် ၁၂ ဘီးတပ် ကုန်တင်ယာဉ်တစ်စီး ဖေဖော်ဝါရီ ၂၉ ရက်က မီးရှို့ဖျက်ဆီးခံရကာ ကျပ် သိန်းပေါင်း ၈၅၀ ကျော် ဆုံးရှုံးကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။
“အမှန်ကတော့ ကုလားတန်မြစ်ကြောင်း တစ်ဖက်နိုင်ငံ အိန္ဒိယမှာ လုပ်နေတဲ့ စက်ယန္တရားအတွက်နဲ့ သူတို့ စားဖို့အတွက်ပဲ ဖြစ်တယ်၊ မီးရှို့လိုက်တဲ့ဟာက မီဇိုရမ်ပြည်နယ် ဇိုရမ်ပိုလမ်းအတွက် ဖြစ်နေတယ်၊ ကားတန်ဖိုးက သိန်းပေါင်း ၆၀၀ လောက်ဆိုတော့ စက်သုံးဆီ အောက်တိန်း၊ ဒီဇယ်၊ ဆန်၊ ကြက်သွန်တွေက လက်ရှိတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂၅၀ လောက်ဆိုတော့ သိန်း ၈၅၀ လောက်တော့ ဆုံးရှုံးရတယ်လို့ သိရပါတယ်” ဟု ဝန်ကြီး ဦးစိုးထက်က ပြောသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA ကြား စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် မြန်မာနှင့် အိန္ဒိယအစိုးရတို့ ပူးပေါင်းဆောင်ရွက်နေသည့် ကုလားတန်စီမံကိန်းလုပ်ငန်း သတ်မှတ်ရက်တွင် ပြီးစီးအောင် မလုပ်ဆောင်နိုင် ဖြစ်နေကြောင်း သိရသည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကားမီးရှို့တာနဲ့ပတ်သက်ပြီး အဲဒီမှာလည်း ရိုက်ခတ်မှုတော့ ရှိမယ်ထင်တယ်၊ ကျွန်တော်တို့ကတော့ ချင်းအမျိုးသားနေ့မှာ ဖွင့်ပွဲ လုပ်ဖို့ ရည်ရွယ်ထားတယ်၊ ကျွန်တော်တို့ နဂို သတ်မှတ်တဲ့အချိန်မှာ မဖွင့်နိုင်တော့ဘူးပေါ့၊ အရင်တုန်းက သံဘောင်တွေ မီးရှို့ခံရတာတွေနဲ့ အဲဒီနား မကြာမကြာ တိုက်ပွဲတွေ ဖြစ်နေတော့ နောက်ကျနေတယ်၊ မတ်လကုန်မှာတော့ အပြီးအစီး လုပ်ဆောင်နိုင်မယ်၊ ကုလားတန်တံတားကတော့ ပြီးခါနီးပြီ၊ လက်စသတ်နေပြီ၊ အချောကိုင်နေတယ်” ဟု ပြောသည်။
ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် AA တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဖေဖော်ဝါရီ ပထမအပတ်မှစကာ ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းသွားလာမှု ရပ်ဆိုင်းခဲ့ပြီး မိုင် ၂၀၀ ခန့်ဝေးသည့် ကုန်းလမ်းဖြင့် စားနပ်ရိက္ ခာပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
“ပလက်ဝအတွက် ဒီဇယ် ပေပါ အလုံး ၄၀ ၊ အောက်တိန်း အလုံး ၄၀ ၊ ဆန် ဆီ ဆားတွေ သယ်လာတဲ့ ၁၂ ဘီးကားကို စစ်တပ်ရဲ့ရိက္ခာ သယ်ဆောင်လာတယ်ဆိုပြီး မီးရှို့လိုက်ကြတာ။ ပလက်ဝနဲ့ ဆမီးက ၄၂ မိုင် ဝေးပြီးတော့ ပလက်ဝရောက်ဖို့ ၁၆ မိုင်အလိုမှာ အခုလို မီးရှို့ဖျက်ဆီးခံရတာ ဖြစ်တယ်”ဟု ဆမီးဒေသခံတစ်ဦးက ပြောဆိုကြောင်း Taugzalat Times က ဖော်ပြထားသည်။
ပလက်ဝတွင် ဖေဖော်ဝါရီ ၄ ရက်ကစတင်ပြီး အင်တာနက်လိုင်း ဒုတိယအကြိမ် ဖြတ်တောက်ထားပြီး မြို့တွင်းကို ဖြန့်ဖြူးပေးနေသော လျှပ်စစ်မီးနှင့် ရေပေးဝေရေး အသုံးပြုသည့် စက်များအတွက် စက်သုံးဆီ ပြတ်လပ်လျက် ရှိကြောင်း သိရသည်။







