Salai C Lian — ချင်းပြည်နယ် ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ရေးနှင့် စိုက်ပျိုးသီးနှံ ကောင်းမွန်ဖို့ရန် အဓိကလိုအပ်ချက် ဖြစ်သည်ဟု အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လက်ရှိအနိုင်ရပါတီဖြစ်သည့် Mizo National Front ဒုဥက္ကဋ္ဌ Vanlalzawma က ပြောဆိုလိုက်ကြောင်း ဒေသသတင်းဌာနဖြစ်သည့် Vanglaini က ဖော်ပြထားသည်။
MNF ဒုဥက္ကဋ္ဌ Vanlalzawma က “ကျွန်တော် ချင်းပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အခြားဝန်ကြီးတွေနဲ့လည်း ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးတဲ့ဟာတွေ ရှိတယ်၊ အဲဒီထဲမှာကတော့ ချင်းပြည်နယ်အနေနဲ့က လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့နဲ့ မြေသြဇာကောင်း ရဖို့ အဓိကလိုအပ်ချက် ဖြစ်တယ်” ဟု ပြောသည်။
ထို့ပြင် နှစ်နိုင်ငံချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ်တို့သည် လူမျိုးချင်း တူနေသော်လည်း နိုင်ငံတကာနယ်နိမိတ်ကြောင့် ခွဲနေရခြင်းဖြစ်ပြီး နောက်နောင်တွင် မီဇိုရမ်ပြည်နယ် အနေဖြင့် Look East Policy မကျင့်သုံးတော့ဘဲ ချင်းပြည်နယ်မှ လိုအပ်သည်များကို မှာယူနိုင်တော့မည်ဖြစ်ကြောင်း MNF ဒုဥက္ကဌ Vanlalzawma က ပြောသည်။
သူက “Farkawn ကျေးရွာနဲ့ Sangau ကျေးရွာဖက်ကနေ မြန်မာပြည်ကို အလွယ်တကူ သွားလို့ရတယ်၊ ကုန်သွယ်ရေးအတွက် လက်ရှိအချိန်ထိ အသုံးပြုတဲ့ Look East Policy တွေကို မကြာခင်ကျွန်တော်တို့ လက်လွှတ်လို့ ရတော့မယ်၊ Silchar/Gawahati ဖက်ကနေ ပို့ဆောင်လာတဲ့ စားသောက်ကုန်နဲ့ ပစ္စည်းတွေကို လက်လွှတ်ထားလို့ ရတော့မယ်၊ ကျွန်တော်တို့တွေဟာ အမြဲတမ်း ဆင်းရဲနေမှာမဟုတ်ဘူး၊ Akyab, Tlabung နဲ့ တီအိုချောင်းဖက်ကနေ ကျွန်တော်တို့ လိုအပ်တဲ့ဟာတွေကို အလွယ်တကူ မှာယူလို့ရတော့မယ်၊ နိုင်ငံတကာ နယ်နိမိတ်က ကျွန်တော်တို့ကို ခွဲခြမ်းခဲ့သော်လည်း ကျွန်တော်တို့ဟာ ညီအစ်ကိုတွေ ဖြစ်တဲ့အတွက် ခွဲခြားလို့ မရပါဘူး”ဟု ပြောသည်။
ချင်းအမျိုးသားနေ့နှင့် မီဇိုရမ်ပြည်နယ်နေ့ ရက်တူညီခြင်းကလည်း မီဇိုးလူမျိုးနှင့် ချင်းအမျိုးသားတို့ ပိုမို နီးစေပြီး ညီအစ်ကိုချင်းဖြစ်သည့် သဏ္ဍာန်ကိုလည်း ပိုမို ပေါ်လွန်စေကြောင်း Vanlalzawma က ဆက်လက်ရှင်းပြသည်။
Vanlalzawma သည် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်သော (၇၂) ကြိမ်မြောက် ချင်းအမျိုးသားနေ့တွင် ဧည့်သည်တော်အနေဖြင့် ချင်းပြည်နယ်အစိုးရ၏ ဖိတ်ကြားခံရပြီး ချင်းပြည်နယ်အတွင်း ၄င်း၏ လုပ်ငန်းများ ပြန်လည်ရှင်းပြရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း Vanglaini သတင်းဌာနက ဖော်ပြထားသည်။







