မြောက်ဦးတိုက်ပွဲကြောင့် အရပ်သား(၃)ဦး သေဆုံးပြီး (၈)ဦး ဒဏ်ရာရ

မြောက်ဦးတိုက်ပွဲကြောင့် အရပ်သား(၃)ဦး သေဆုံးပြီး (၈)ဦး ဒဏ်ရာရ

နှင်းနွယ် — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၂၉ ရက် နံနက် (၇)နာရီကျော်ခန့်က တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ကျရောက်သဖြင့် အရပ်သား(၃)ဦး သေဆုံးကာ (၈)ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

ထိုတိုက်ပွဲကြောင့် ဘူးတလုံးမွတ်ဆလင်ကျေးရွာမှ မာမောက်ဟာရီအသက် (၁၈) နှစ်၊ မာမောက်ရော်ဟိန်း အသက် (၁၂)နှစ်၊ ဘောလော အသက်(၃၅)နှစ်တို့သေဆုံးသွားပြီး (၆)ဦးဒဏ်ရာရရှိသွားသည်။

“(သေဆုံးသူတွေကတော့) တစ်ယောက်ကတော့ ဖရဲခင်းမှာစောင့်နေတာက ထိသွားတာ။ နောက်နှစ်ယောက်တော့ သူတို့ရဲ့နွားတွေကို သွားကြည့်ရာကနေ ထိသွားတာဖြစ်တယ်” ဟု ဒေသခံ ဦးခင်မောင်သန်းက ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများအနက် သုံးဦးကို မြောင်းဘွေဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းအပြင် မြောက်ဦးမြို့နယ်၊ ဘူးတလုံးကျေးရွာအုပ်စု၊ တန်းမြင့်ကြီးကျေးရွာတွင်လည်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဦးမောင်သိန်းချေ(၅၈)နှစ်မှာ ဆီးခုံတွင်ဒဏ်ရာရရှိသွားပြီး ဒေါ်စံအေးသိန်း(၅၃)နှစ်မှာ တင်ပါးတွင် ဒဏ်ရာရရှိသွားသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သာညွှန့်က DMG သို့ပြောသည်။

“သူတို့လင်မယားက အိမ်မှာထမင်းချက်နေကြတာ။ အဲဒီအချိန်မှာ လက်နက်ကြီးက ပထမဆုံး ကွမ်းသီးပင်ကိုလာထိတယ်။ ပြီးတော့မှ ပေါက်ကွဲသွားပြီးတော့ သူတို့လင်မယားကို လာထိတာ” ဟု ၎င်းကဆိုသည်။

ယနေ့ နံနက် (၇)နာရီကျော်မှာ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာအနီးတွင် တပ်မတော်ယာဉ်တန်းများကို ဖြတ်တောက်တိုက်ခိုက်ခဲ့သည်ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုရှိတဲ့အတွက် သူတို့လုပ်နေကျအတိုင်း နေရာအနှံ့ကို ရမ်းသန်းပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာရှိတယ်။ အဲဒီမှာ ဘူးတလုံးမွတ်ဆလင်ရွာကို လက်နက်ကြီးကျည်ထိမှန်ပြီးတော့ လေးဦးသေဆုံးပြီးတော့ ငါးဦးဒဏ်ရာရတယ်လို့ သိရတယ်” ဟု ၎င်းက စွပ်စွဲသည်။

ထိုစွပ်စွဲချက်နှင့်ပတ်သက်ပြီး တုန့်ပြန်ချက်ရရှိရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ရာတွင် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားသေဆုံးသူ (၁၃၀)ကျော်ထိရှိလာနေပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၆၀)ကျော်ထိရှိနေသည်ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ - ရန်ကုန်)မှ သိရသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...