ပလက်ဝ - ကျောက်တော် စက်လှေများ မပြေးဆွဲရဲသေး၊ စားနပ်ရိက္ခာ ပြတ်လပ်

ပလက်ဝ - ကျောက်တော် စက်လှေများ မပြေးဆွဲရဲသေး၊ စားနပ်ရိက္ခာ ပြတ်လပ်

By လားနွန် – ချင်းပြည်နယ် ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့အကြား စက်လှေပြေးဆွဲမှု ရပ်ဆိုင်းနေသေးသည့်အတွက် ကုန်စည်စီးဆင်းမှုမရှိသောကြောင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် လောင်စာဆီစသည့် စားနပ်ရိက္ခာများ ပြတ်လပ်မည့်အခြေအနေနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။

“ပိုက်ဆံရှိရင်တောင်မှ ဝယ်လို့မှ မရတာ၊ အဲဒီတော့ အဆင်ပြေသလို ဒီလိုပဲ နေနေရတာ၊ လမ်းကြောင်းကလည်း ပိတ်တာတော့ မဟုတ်ဘူး၊ ကြောက်လို့ မသွားရဲကြတာ၊ အနေအထားက အဲလိုဖြစ်တော့ ဆန်တွေကလည်း အခု ဒီမှာ မရောက်နိုင်သေးဘူး၊ စည်ပင်စျေးမှာ တရားဝင် ရောင်းတဲ့သူတွေက အကုန် ပိတ်နေတော့ စျေးနှုန်းကတော့ ဘယ်လိုရှိလဲ ပြောလို့မရဘူး၊ ဒါပေမဲ့ အဆင်ပြေတဲ့ နေရာမှာ ရှိတဲ့လူဆီကနေ အကူအညီတောင်းပြီးမှ ဝယ်ရတဲ့ အနေအထားဖြစ်တယ်” ဟု ပလက်ဝဒေသခံ ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပလက်ဝမြို့ပေါ်တွင် ဆန်ရောင်းသည့်ဆိုင် အနည်းဆုံး (၁၀) ဆိုင်ခန့်ရှိပြီး ရောင်းစရာဆန်မရှိသည့်အတွက် ဆိုင်ပိတ်ထားကြသည်ဟု သူကဆက်ပြောသည်။

ပလက်ဝမြို့နယ် ဒေသခံပြည်သူများသည် အဆိုပါအခြေခံစားသောက်ကုန်များကို ရခိုင်ပြည်နယ် ကျောက်တော်ဘက်မှ အဓိက သယ်ယူလေ့ရှိကြသည်။ သို့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ ပလက်ဝနှင့် ကျောက်တော်မြို့အကြားတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲ ပိုမိုပြင်းထန်လာသည့်အတွက် ကုလားတန်မြစ်ကြောင်းအတိုင်း ပြေးဆွဲနေကြသည့် လိုင်းဆွဲစက်လှေများ ပုံမှန်ပြေးဆွဲမှု ရပ်တန့်ခဲ့ကြရသည်။

ပလက်ဝနှင့် ကျောက်တော်မြို့အကြားတွင် မြန်မာ့တပ်မတော်မှ သေနတ်ပစ်ဖောက်ပြီး စစ်ဆေးမှုများရှိနေသည့်အတွက် ခရီးသည်များနှင့် စက်လှေများ မသွားရဲရခြင်းဖြစ်သည်ဟု ပလက်ဝဒေသခံ စက်လှေပိုင်ရှင်တစ်ဦးက ပြောသည်။

“ဒီ ကျနော်တို့ တက်လာတုန်းက အစစ်အဆေးတွေ ရှိတယ်၊ တပ်မတော်ဘက်က ဒီ ရှေ့တန်းစစ်ကြောင်းတွေက တင်းမရွာအောက်က စစ်ဆေးတဲ့ဟာတွေ ရှိတာပေ့ါနော်၊ အဲဒါနဲ့ ခရီးသည်တွေကလည်း ကြောက်ပြီးမှ ဟိုဘက်ကလည်း အတက် မရှိဘူး၊ ဒီဖက်က တက်တာလည်း မရှိဘူးဆိုတော့ ကျနော်တို့က မထွက်ဖြစ်ဘူး၊ ပလက်ဝနဲ့ ကျောက်တော်ကြားမှာ ရှေ့တန်းထွက်တဲ့ စစ်သားတွေက သေနတ်နဲ့ပစ်တာတွေ အဲဒါမျိုးတွေ ရှိလို့ပါ၊ ကျနော်တို့ ခရီးသည်စီးတဲ့ စက်လှေတွေကို ပစ်တယ်၊ ပစ်ပြီးမှ တားဆီးတာ၊ ဒါကြောင့် ကျနော်တို့ကလည်း မသွားရဲတာ” ဟု စက်လှေပိုင်ရှင်ကပြောသည်။

လိုင်းဆွဲစက်လှေများ ဆက်လက် ရပ်ဆိုင်းပြီး ကျောက်တော်ဘက်မှ အခြေခံစားသောက်ကုန်များ မသယ်ယူနိုင်ပါက ပလက်ဝမြို့နယ်တွင် ကုန်စျေးနှုန်းများ ယခင်ထက်ပိုမိုစျေးတက်လာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အပြင် ရခိုင်ပြည်နယ် (၈) မြို့နယ်နှင့် ပလက်ဝမြို့နယ်တွင် အင်တာနက်လိုင်းများမှာလည်း ဆက်သွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ (၃) ရက်မှစ၍ ဖြတ်တောက်ထားသည်။

ယင်းကဲ့သို့ ဖြတ်တောက်ထားသည့်ကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက်နေ့က ASEAN Parliamentarians for Human Rights အဖွဲ့အပါအဝင် အဖွဲ့အစည်းပေါင်း (၂၉) ဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီး မြန်မာအစိုးရအနေဖြင့် အင်တာနက်လိုင်းများချက်ချင်းပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

အလားတူ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အင်တာနက်လိုင်းများ ပိတ်ဆို့ခံထားရသော မြို့နယ်များအားလုံးကို အင်တာနက်ပြန်လည်ဖွင့်ပေးရန်နှင့် နိုင်ငံသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေးအတွက် အကန့်အသတ်မရှိ သွားလာခွင့်ပြုရန် မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုခဲ့သည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...