ကချင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှု မရှိစေရန် တရုတ်နိုင်ငံသားများ ဖြတ်သန်းသွားလာခွင့်ကို ရပ်ဆိုင်းပေးရန် ဝိုင်းမော်ဒေသခံများ ဖေဖော်ဝါရီ ၂၄ ရက်က မြစ်ကြီးနားမြို့ စိမ်းမြဧရာ ပန်းခြံတွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
“လက်ရှိ နယ်စပ်ဂိတ်တွေမှာ ကိုရိုနာဗိုင်းရပ်(စ်) ဖြစ်နေတဲ့ တရုတ်နိုင်ငံသားတွေ၊ ကုန်တင်ကားကြီးတွေကို ဝင်ရောက်သွားလာခွင့် ပြုထားတယ်၊ အရင်တုန်းကတော့ ဝင် ထွက်လာတာ သိပ် မတွေ့ရဘူး။ အဲဒါကြောင့် စိုးရိမ်နေရတယ်။ အဲဒီတော့ တခြားပြည်နယ်တွေမှာ ရောဂါကူးစက်နိုင်တဲ့ ဝင်ပေါက်တွေကို ပိတ်ထားတာ သိရတယ်။ ဒါပေမဲ့ ကချင်ပြည်နယ်က နယ်စပ်ဂိတ်တွေကို ဖွင့်ထားတယ်။ ဒါကြောင့် လောလောဆယ် ဂိတ်ပေါက်ဝကို ခဏ ပိတ်ထားခိုင်းစေချင်တယ်” ဟု ဆန္ဒပြရာတွင် ဦးဆောင်သူ ဒေါ်တူးက ကချင်သတင်းဌာန KNG သို့ ပြောသည်။
ပြည်နယ်အတွင်းရှိ ကန်ပိုင်တီနှင့် လွယ်ဂျယ် တရားဝင်နယ်စပ်ဂိတ်များကို မပိတ်ဘဲ ဖြတ်သန်းသွားလာသူများကို ကျန်းမာရေး စစ်ဆေးမှုသာ ပြုလုပ်နေသည်ဟု သိရသည်။
ပြည်သူလူထုအတွက် ကျန်းမာရေးနှင့် အများလုံခြုံရေးကို အလေးထားရန်၊ တရုတ်နိုင်ငံသားများ ဖြတ်သန်းခွင့်ကို တားဆီးပေးရန် ပြည်နယ်အစိုးရက တာဝန်ယူပေးရန် တောင်းဆိုသည်။
ဆန္ဒပြပွဲတွင် ဝိုင်းမော်မြို့နယ် နောင်တာလော၊ တာလောကြီး စသည့် ကျေးရွာများမှ လူဦးရေ ၅၀၀ခန့် ပါဝင်ခဲ့သည်ကို တွေ့ရသည်။
ဆန္ဒပြပွဲတွင် ပါဝင်သူ ကိုသူရက “အဓိကကတော့ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ဒီရောဂါကို ထိန်းချုပ်ဖို့ အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ တရုတ်တွေက သူတို့တောင် ထိန်းချုပ်လို့ မရတဲ့ ရောဂါလည်း ဖြစ်တယ်။ အခုဆိုရင် တရုတ်ပြည်က ကားတွေကို ပြန်ဝင်ခိုင်းတာကို မြင်တွေ့နေရတယ်။ မဖြစ်မနေ ဝင်ခိုင်းတယ်ဆိုရင်လည်း သေသေချာချာ စိစစ်မှုတွေ ပြုလုပ်ပေးစေချင်တယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံသားတွေကို ဝင်ထွက်သွားလာခွင့်ကို ခေတ္တ ရပ်ဆိုင်းထားတာ ကောင်းပါတယ်” ဟု ဆိုသည်။
ပြည်ထောင်စုညွှန်ကြားချက်အရ လုပ်ဆောင်နေခြင်းဖြစ်သောကြောင့် အဆိုပါနယ်စပ်ဂိတ်များကို တရားဝင် ပိတ်ရန် အစီအစဉ် မရှိကြောင်း ကချင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်းက KNG ကို ပြောသည်။
“ကျနော်တို့အနေနဲ့ ရောဂါ စဖြစ်လာကတည်းက နယ်စပ်ဂိတ်တွေကို မပိတ်ဘူး။ လိုအပ်ရင် ကျန်မာရေးအရ စစ်ဆေးတာတွေပဲ လုပ်ကြတယ်။ တရားဝင် ပိတ်တယ်ဆိုတာ မရှိခဲ့ဘူး။ ကန်ပိုင်တီ၊ မူဆယ်စတဲ့ တရုတ်နယ်စပ်ဂိတ်တွေက ပြည်ထောင်စုကနေ လုပ်တာဖြစ်တဲ့အတွက် သူတို့ (ပြည်ထောင်စု)ပိတ်ပါလို့ ညွှန်ကြားချက် မရရင် ကျနော်တို့ဘက်ကနေ ပိတ်လို့မရဘူး” ဟု ဦးဇော်ဝင်းက ပြောသည်။
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စတင် ပျံနှံ့လာချိန် ကချင်န ယ်စပ်ဂိတ်များကိုလည်း တရားဝင် ပိတ်သင့်ကြောင်း ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရထံ တင်ပြခဲ့သည်ဟု သိရသည်။ သို့သော်လည်း ပြည်ထောင်စုမှ အမိန့်မကျလျှင် ပိတ်မည် မဟုတ်ကြောင်း သိရသည်။
<><><>
ပုံစာ
မြစ်ကြီးနား စိမ်းမြဧရာပန်းခြံတွင် ဆန္ဒဖော်ထုတ်နေစဉ်







