KNLA နှင့် တပ်မတော်တို့ကြား ပစ်ခတ်မှု ဖြစ်ပွား

KNLA နှင့် တပ်မတော်တို့ကြား ပစ်ခတ်မှု ဖြစ်ပွား

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော် လက်အောက်ခံတပ်တို့ ဖေဖော်ဝါရီ ၂၂ ရက်က မူတရော်(ဖာပွန်ခရိုင်) ဒွယ်လိုးမြို့နယ် လေဖိုးထာကျေးရွာအုပ်စု ထိုကလိုခီးနှင့် ဘောကျို့လယ်ကျေးရွာကြား၌ မိနစ်အနည်းငယ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း KNU က ဖေဖော်ဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

KNLA တပ်ရင်း (၁၀၂) တပ်ခွဲ ၃ နှင့် အမှတ် (၈) စစ်ကွပ်ကွဲရေး ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၄၀၆) တပ်ရင်းမှူး ဆန်းထိုက် ဦးဆောင်သည့် မြန်မာ့တပ်မတော်စစ်ကြောင်းတို့အကြား မွန်းလွဲ ၂နာရီ ကျော်ခန့်တွင် မိနစ်အနည်းငယ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNU ဗဟို စည်းရုံးရေးဌာန သတင်းနှင့် ပြန်ကြားရေးဌာနခွဲက သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တပ်ရင်းမှူးဆန်းထိုက်ဦးဆောင်သည့် အင်အား (၃၀)ကျော်ရှိသည့် မြန်မာ့တပ်မတော်စစ်ကြောင်းသည် KNU တပ်မဟာ (၁) နယ်မြေမှထွက်ခွာ၍ တပ်မဟာ (၅)နယ်မြေသို့ တာဝန်ရှိသူများအား အသိပေးအကြောင်းကြားခြင်းမရှိဘဲ ဒေသစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ဝင်ရောက်လှုပ်ရှားခြင်းကြောင့် KNLA ရှေ့တန်း တပ်ဖွဲ့များနှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNU၏ သတင်းထုတ်ပြန်ချက်၌ ဆိုထားသည်။

အဆိုပါ မွန်းလွဲပိုင်းတွင် ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားပြီးနောက် KNLA တပ်ဖွဲ့ဝင်များမှာ ပစ်ခတ်မှုဖြစ်ပွားရာ နေရာမှ ရှောင်ဖယ်သွားပြီး အခြေအနေကို စောင့်ကြည့်နေစဉ် မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ည (၉)နာရီ ကျော်အချိန်အထိ ပစ်ခတ်မှု ဆက်လက် ပြုလုပ်ခဲ့ကြောင်းလည်း KNUက ဆိုသည်။

၎င်းမိနစ်အနည်းငယ် ပစ်ခတ်မှုအပြီး မြန်မာ့တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်းနှင့် KNLA ဘက်မှ ထိခိုက်မှုမရှိကြောင်း KNU ဘက်က ထုတ်ပြန်ပြောဆိုထားသော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။

မြန်မာစစ်တပ်၏ လှုပ်ရှားဆောင်ရွက်မှုသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ၏ အခန်း(၃) အပိုဒ်(၅-က) ဖြစ်သော “အပစ်ရပ်နယ်မြေအတွင်း တစ်ဖက်နှင့်တစ်ဖက် အကြားနယ်မြေစိုးမိုးမှု တပ်လှုပ်ရှားခြင်း၊ ကင်းထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မိုင်းထောင်ခြင်း များ၊ အကြမ်းဖက်တိုက်ခိုင်မှုများ၊ ရုပ်ဝတ္ထုပစ္စည်းများ ဖျက်ဆီးခြင်းနှင့် ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန်” ဟူ သောအချက်ကို ချိုးဖောက်နေကြောင်းလည်း KNUဘက်က ထောက်ပြခဲ့သည်။

ယခုလ ၁၉ရက်နေ့တွင် KNU ဒု-ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သည့် ဗဟိုခေါင်းဆောင်ကိုယ်စားလှယ် များနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ကိုယ်စားလှယ် အဖွဲ့တို့ အပစ်ရပ်ခိုင်မာရေးအတွက် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...