မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းနှင့်ပြည်နယ်အလိုက် ဘတ်ဂျက်အသုံးချမှုကို နှိုင်းယှဉ်ကြည့်ပါက လူဦးရေအချိုးအစားအရ ချင်းပြည်နယ်သည် ဘတ်ဂျက် အများဆုံး ချပေးထားသည့် ပြည်နယ်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“ချင်းပြည်နယ်ရဲ့လူဦးရေနဲ့ ပထမ တိုင်းနှင့်ပြည်နယ်တွေရဲ့ လူဦးရေ တစ်ဦးချင်းအတွက် အသုံးချမှုကို တွက်မယ်ဆိုရင် ချင်းပြည်နယ်မှာ အသုံးအများဆုံးလို့ တွက်လို့ ရပါတယ်"ဟု ပြောသည်။
ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ထန်တလန်မြို့၌ ပြုလုပ်ခဲ့သည့် ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ဆိုခဲ့ခြင်း ဖြစ်သည်။
တိုင်းနှင့်ပြည်နယ်အလိုက် ဘတ်ဂျက်ချပေးထားမှုစာရင်းတွင် စစ်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ပထမ၊ ဧရာဝတီတိုင်းတွင် ဒုတိယ၊ မကွေးတိုင်းတွင် တတိယနှင့် ချင်းပြည်နယ်တွင် စတုတ္ထနေရာအများဆုံးအဖြစ် အသီးသီး ချပေးထားပြီး လူဦးရေအချိုးအစားအရ နှိုင်းယှဉ်ပါက ချင်းပြည်နယ်သည် ပထမနေရာအဖြစ် ရပ်တည်နေကြောင်း ပြောကြားခဲ့သည်။
"ဒါကလည်း ကျမတို့က ရည်ရွယ်ချက်နဲ့ လုပ်တာပါ၊ ကျမတို့က ဖွံ့ဖြိုးမှုအတွက် လုပ်တဲ့အခါမှာ စီးပွားရေးမျက်လုံးနဲ့ပဲ ကြည့်လို့ မရပါဘူး၊ လူမှုရေးမျက်လုံး၊ နိုင်ငံရေး မျက်လုံးတွေနဲ့ ကြည့်ရမယ်၊ နိုင်ငံရေးမျက်လုံးဆိုတာက ကျမတို့နိုင်ငံရဲ့ ညီညွတ်ရေး၊ ပြည်ထောင်စု စုပေါင်းဆက်ဆံနိုင်ရေးတွေပါ၊ ချင်းပြည်နယ်လိုနေရာမျိုးမှာဆိုရင် လမ်းပန်းဆက်သွယ်ရေးကို အထူးအလေးထားပါတယ်၊ လမ်းပန်းဆက်သွယ်ရေးရှိမှ ကျမတို့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဆက်သွယ်မှုရှိမယ်၊ ပိုပြီးတော့ ကျမတို့ ညီညွတ်လာမယ်၊ ကျမတို့ စုစုစည်းစည်းနဲ့ ပြည်ထောင်စုစိတ်ဓာတ် ရှိလာနိုင်မယ်ဆိုပြီးတော့ ကျမတို့ အဲဒါကို အဓိကထားပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံ၏ ချင်းပြည်နယ် ခရီးစဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက် နံနက်တွင် နေပြည်တော်မှ ကလေးမြို့သို့ စတင်ထွက်ခွာခဲ့ပြီး ထိုမှတစ်ဆင့် တွန်းဇံမြို့သို့ သွားရောက်ခဲ့ကြောင်း၊ လူထုတွေ့ဆုံပွဲ တစ်ခု ပြုလုပ်ခဲ့ပြီးနောက် သီကီးရွာသို့ သွားရောက်ကာ သီကီးရ် တိုက်နယ်ဆေးရုံဖွင့်ပွဲနှင့် ပလက်ဝ စစ်ပြေးဒုက္ခသည်များအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းထားသည့် နေအိမ်အရေအတွက် ငါးဆယ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ နောက် ထန်တလန်မြို့သို့ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ချင်းပြည်နယ်မှာဆိုရင် နေရထိုင်ရအခက်အခဲဖြစ်တယ်ဆိုတာ ကျမတို့ သိပါတယ်၊ ဒါကြောင့်မို့လို့လည်း ဦးစားပေးပြီးတော့ လုပ်ပါတယ်၊ ပြီးတော့ တစ်ယောက်ချင်း တစ်ယောက်ချင်းအနေနဲ့ တွက်မယ်ဆိုရင် ချင်းပြည်နယ်ကို ဖွံ့ဖြိုးမှုအရ အဓိကအထားဆုံး လို့တောင်မှ ကျမတို့ ပြောလို့ရပါတယ်၊ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးနဲ့ ဆက်ပြီးတော့ အလေးထားပါ့မယ်၊ ကျမတို့ ပိုက်ဆံရှိတာနဲ့ လုပ်ပေးပါမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ပြောကြားခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယင်းနောက်တစ်ရက် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဘောလုံးကွင်း၌ ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို တက်ရောက်ခဲ့ပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။







