၂၁ ရာစု ပင်လုံတွင် ချင်းကိုယ်စားလှယ်များ ပြည်ထောင်စုကောင်းကျိုးရည် ပါဝင်နေ၍ ဝမ်းမြောက်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

၂၁ ရာစု ပင်လုံတွင် ချင်းကိုယ်စားလှယ်များ ပြည်ထောင်စုကောင်းကျိုးရည် ပါဝင်နေ၍ ဝမ်းမြောက်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ပြော
Photo နိုင်ငံတော်အတိုင်ပင်ခံရုံး
Photo နိုင်ငံတော်အတိုင်ပင်ခံရုံး

Salai Benezer — ၂၁ ရာစု ပင်လုံ အစည်းအဝေးတွင် ချင်းတိုင်းရင်းသားကိုယ်စားလှယ်များ ပြည်ထောင်စု၏ ကောင်းကျိုးကို ရည်ရွယ်ပြီး ပါဝင်ကြိုးပမ်းနေခြင်းကြောင့် ဝမ်းမြောက်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ပြောဆိုခဲ့သည်။

"ကျွန်မတို့ရဲ့ မိဘဘိုးဘွားတွေ မျှော်လင့်ခဲ့တဲ့ ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်ဟာလည်း ဆုံးခန်းမတိုင်ခဲ့ပါဘူး။ ကျွန်မတို့ မိဘဘိုးဘွားတွေ မျှော်လင့်ခဲ့တဲ့ ပြည်ထောင်စုအိပ်မက်ကို ဆက်လက် ဖြည့်ဆည်းနိုင်ဖို့ ဒီကနေ့ ၂၁ရာစုခေတ်မှာ ကျွန်မတို့ အစိုးရအနေနဲ့ (၂၁)ရာစု ပင်လုံညီလာခံကို ခေါ်ယူ ကျင်းပနေပါတယ်။ မပြီးဆုံးသေးတဲ့ ပြည်ထောင်စု တည်ဆောက်ရေး ခရီးလမ်းကို ကျွန်မတို့ခေတ်၊ ကျွန်မတို့အချိန်အခါမှာ ဆက်လက် လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ အစည်းအဝေးတွေမှာ ချင်းတိုင်းရင်းသားကိုယ်စားလှယ်တွေဟာ ပြည်ထောင်စုကြီးရဲ့ ကောင်းကျိုးကို ရည်ရွယ်ပြီးတော့ တက်တက်ကြွကြွ ပါဝင်ကြိုးပမ်းလျက်ရှိကြတဲ့အတွက်လည်း များစွာဝ မ်းမြောက်မိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်"ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၂ဝရက်က ထန်တလန်မြို့တွင် ကျင်းပသည့် ၇၂နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ၎င်းက ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၂)နှစ်က ဒီနေ့လို ဖေဖော်ဝါရီလ ၂ဝရက်နေ့ အချိန်အခါမှာ ဖလမ်းမြို့ လူထုညီလာခံကြီးကနေ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲကျင့်သုံးဖို့ တစ်ခဲနက် ဆုံးဖြတ်ခဲ့တဲ့နေ့ဖြစ်တဲ့အတွက်လည်း နိုင်ငံရေးအရာရော၊ သမိုင်းတန်ဖိုးအရပါ အနှစ်သာရ ပြည့်ဝပြီးတော့ တန်ဖိုး ကြီးမားလှပါတယ်။ ဒီလို သမိုင်းကြောင်းနောက်ခံကို ကြည့်လိုက်တာနဲ့ ကျွန်မတို့ရဲ့ ချင်းတိုင်းရင်းသားတွေဟာ ဝေးလံပြီး သွားရခက်ခဲတဲ့ တောင်တန်းဒေသတွေမှာ နေထိုင်ကြပေမယ့် နိုင်ငံရေးအရ ဘယ်တုန်းကမှ နောက်မကျခဲ့ဘူး၊ ပြည်မနဲ့အခြားတောင်တန်းဒေသတွေက နိုင်ငံရေးရေစီးကြောင်းနဲ့အတူ မျက်ခြည်မပြတ် လိုက်ပါနိုင်တယ်ဆိုတာကို အထင်အရှား တွေ့မြင်နိုင်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ပြောသည်။

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီးဒေါက်တာရွှေလွှမ်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးဇိုဘွေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ အများအပြား တက်ရောက်ကြကြောင်း သိရသည်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...