စအိုင်ဆူး — ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေမြစန္ဒီ အိမ်ရာစီမံကိန်း အငြင်းပွားမှုဖြင့် ဖေဖော်ဝါရီ ၁၇ရက်တွင် ဖမ်းဆီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူ နော်အုန်းလှ အပါအဝင် ဆန္ဒဖော်ထုတ်မှု ဦးဆောင်သူ သုံးဦးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် လူထုအခြေပြု ကရင်အမျိုးသမီးများကွန်ယက်-KGWN က ဖေဖော်ဝါရီ ၂၀ရက် နေ့စွဲဖြင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်တောင်းဆိုလိုက်သည်။
၎င်းက “ဒါက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်လေ။ သူတို့အနေနဲ့ ခွင့်ပြုချက် သွား မတောင်းတာ မဟုတ်ဘူး။ သွား တောင်းတယ်။ သွားတောင်းရဲ့သားနဲ့ ခွင့်ပြုချက် မပေးတာ လူကြီးလမ်းကြောင်းရှိတယ် ဆိုပြီးတော့ ပိတ်တာပေါ့။ အစိုးရရဲ့ ဒီလုပ်ရပ်က နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်တယ်လို့ပဲ မြင်တယ်” ဟု KGWN ၏ ပြောခွင့်ရ နော်ထူးထူးက ကေအိုင်စီသို့ ပြောသည်။
စီမံကိန်း မဖျက်သိမ်းရေးအတွက် ဒေသခံခေါင်းဆောင်များဦးဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ရာတွင် ဒေသခံများက နော်အုန်းလှထံ အကူအညီ တောင်းခံခဲ့ရာ သွားရောက်ဝန်းရံခဲ့ရာမှ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ(၁၉/၂၀)ဖြင့် နော်အုန်းလှကို ဖမ်းဆီး တရားစွဲဆို၍ ပြစ်ဒဏ်ချမှတ်ခဲ့သည်။
အလားတူ ဦးဆောင်ဆန္ဒဖော်ထုတ်ခဲ့သူ ဦးမောင်ဦး၊ ဦးငယ်(ခ) ဦးဆန်းလှိုင် နှင့် ဒေါ်စန္ဒာမြင့်တို့ကိုပါ မြဝတီမြို့နယ်ရဲမှူး ကျော်သူရည်က ငြိမ်းစုစီ ဥပဒေ ပုဒ်မ(၁၉/၂၀)ဖြင့် ၂၀၁၉ ဧပြီလ ၂၃ ရက်နေ့က တရားလိုပြု တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ရုံးချိန်း ၂၄ ချိန်းပြီးနောက် မြဝတီမြို့နယ် တရားရုံးက နော်အုန်းလှ အပါအဝင် ၎င်း ၃ ဦးတို့ကို ထောင်ဒဏ်တစ်လစီ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
နော်အုန်းလှ၏ ဖမ်းဆီးခံရမှုအပေါ် ဝမ်းနည်းခြင်းထက် ဒီမိုကရေစီအမည်ခံ တိုင်းပြည်တွင် မတရားမှုဖြစ်ပွားခြင်းကို အရပ်သားအစိုးရ မျက်ကွယ်ပြုထားမှုအပေါ် ပိုမို စိတ်ပျက်မိကြောင်းနှင့် ကရင်ပြည်သူများအနေဖြင့် ပိုမို ထိုက်တန်သည့်အရာကို ရရှိသင့်ပြီး ယင်းအတွက်လည်း ဆက်လက် တောင်းဆိုသွား မည်ဖြစ်ကြောင်း KGWN ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
အခြေခံအဆင့် အမျိုးသမီးထုများ၏ စည်းလုံးညီညွတ်စွာ အသံပေါ်ထွက်လာရေး ရည်ရွယ်မြှင့်တင်သည့် အနေဖြင့် လူထုအခြေပြု ကရင်အမျိုးသမီးများ ကွန်ယက်-KGWN ကို ၂၀၁၈ခုနှစ်တွင် ကျင်းပခဲ့သည့် တတိယ အကြိမ်မြောက် ကရင်အမျိုးသမီး ညီလာခံတွင် စတင်ဖွဲ့စည်းခဲ့သည်။







