နေရပ်ပြန်ခြင်းထက် မြေ တစ်နေရာ အခြေချပေးရန် ပူတာအို စစ်ရှောင်များ တောင်းဆို

နေရပ်ပြန်ခြင်းထက် မြေ တစ်နေရာ အခြေချပေးရန် ပူတာအို စစ်ရှောင်များ တောင်းဆို
လုံးစွတ်စစ်ရှောင်စခန်း။ ဓါတ်ပုံ-ဦးဖုန်ထိန်
လုံးစွတ်စစ်ရှောင်စခန်း။ ဓါတ်ပုံ-ဦးဖုန်ထိန်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံးစွတ် စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များသည် မူလဒေသ၌ ပြန်လည်နေထိုင်ရန် အခက်အခဲရှိနေသဖြင့် မြေနေရာအသစ်သို့ ရွှေ့ပြောင်း အခြေချပေးရန် တောင်းဆိုထားသည်ဟု ၎င်းတို့ထံမှ သိရသည်။

မူလဒေသသို့ ပြန်လည်နေထိုင်ရန် လုံခြုံရေးအရ စိုးရိမ်မှုများရှိသောကြောင့် ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ထံ ယခုလဆန်းပိုင်းတွင် စာတင်ပြထားသည်ဟု စစ်ရှောင်စခန်းတာဝန်ခံ ဦးဖုန်ထိန် ယခုလိုပြောသည်။

“စစ်ရှောင်အားလုံးက နဂိုမူလဒေသကို ပြန်ချင်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်မယ့်လမ်းမှာ လေဆိပ်တစ်ခုပဲ ရှိတယ်။ အဲဒီလေဆိပ်မှာက စစ်တပ်က မကြာသေးခင်က စခန်း လာတည်ထားတယ်။ သူတို့က ပြန်ရုတ်ပေးဖို့ အစီအစဉ် မရှိသလိုပဲ။ အဲဒါကြောင့် စစ်ရှောင်တွေက ဘယ်သူမှ မပြန်ရဲကြတော့ဘူး။ ပြန်ဖို့ တော်တော်လည်း ခက်သွားတယ်။ ပြီးရင် အခုနေတဲ့ မြေနေရာကလည်း အသင်းတော်က ဖွံ့ဖြိုးရေးဂေဟာ ဖြစ်တယ်။ ဒီမှာ ကြာကြာ နေလို့ မရဘူး”ဟု ဦးဖုန်ထိန်က ပြောသည်။

လက်ရှိ ခိုလှုံနေသည့်နေရာသည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ပူတာအိုဇုံနယ်၏ ဖွံ့ဖြိုးရေးဂေဟာဖြစ်ပြီး ထိုနေရာတွင် ရေရှည်ခိုလှုံနေခြင်းထက် ပြန်လည်ထူထောင်ရေးအစီအစဉ်အဖြစ် အခြားမြေနေရာတစ်ခုတွင် စီစဉ်ပေးစေလိုကြောင်း ၎င်းက ကချင်သတင်းဌာန KNG သို့ ပြောသည်။

ထို့အပြင် စစ်ရှောင်ကာလ ကြာရှည်လာသည်နှင့်အညီ နိုင်ငံတကာ ကူညီထောက်ပံ့မှုများ လျော့နည်းလာသဖြင့် အခက်အခဲများ ကြုံတွေ့လာနေကြောင်း ထပ်မံ ပြောဆိုသည်။

အဆိုပါစခန်းရှိ စစ်ရှောင်များမှာ ၂၀၁၃ နှင့် ၂၀၁၅ ခုနှစ်တွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပြင်းထန်စွာ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပူတာအိုခရိုင် အင်ခါဂါး၊ မပြုံ၊ အင်ဖီဂါး၊ ဖာကန်းယန် စသောကျေးရွာများမှ ထွက်ပြေးလာသူများ ဖြစ်ကြသည်။

လက်ရှိတွင် စစ်ရှောင် လူဦးရေ ၂၈၀ ကျော်ခန့်  ဆက်လက် ခိုလှုံနေဆဲဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...