အရပ်သားများအနေဖြင့် စစ်ဘက်ဆိုင်ရာယာဉ်များကို မစီးနင်းကြရန် AA အသိပေး

အရပ်သားများအနေဖြင့် စစ်ဘက်ဆိုင်ရာယာဉ်များကို မစီးနင်းကြရန် AA အသိပေး
အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီအမြန်ရေယာဉ်ပေါ်တွင်ဖမ်းဆီးခံရသည့် တပ်မတော်သားများနှင့် အရပ်သားများကိုသွားရောက်ကယ်ဆယ်သည့် တပ်မတော်ရဟတ်ယာဉ် AA ၏ပစ်ခတ်မှုခံခဲ့ရသည်။ (ဓာတ်ပုံ - တပ်မတော်)
အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီအမြန်ရေယာဉ်ပေါ်တွင်ဖမ်းဆီးခံရသည့် တပ်မတော်သားများနှင့် အရပ်သားများကိုသွားရောက်ကယ်ဆယ်သည့် တပ်မတော်ရဟတ်ယာဉ် AA ၏ပစ်ခတ်မှုခံခဲ့ရသည်။ (ဓာတ်ပုံ - တပ်မတော်)

ခိုင်ရိုးလ — တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒေသများသို့ အရပ်သားများအနေဖြင့် ခရီးသွားလာရာတွင် တပ်မတော်၏ စစ်သုံးရဟတ်ယာဉ်များ၊ စစ်ကားများ၊ စစ်သင်္ဘောများပေါ်တွင် လိုက်ပါ၍ ခရီးသွားလာခြင်းကို ရှောင်ရှားကြစေလိုသည်ဟု ရက္ခိုင့်တပ်တော်(AA)က ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်သည်။

တပ်မတော်အနေဖြင့် AA ကို နေ့တိုင်းနီးပါး ဝေဟင်၊မြေပြင်၊ရေပြင်များမှ စက်သေနတ်၊ ရော့ကတ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် မိမိတို့အနေဖြင့် တုံ့ပြန်တိုက်ခိုက်မှုများကို လိုအပ်သလို ဆောင်ရွက်နေရသည်။ ထို့ကြောင့် အရပ်သားများ၏ အသက်အန္တရာယ်ဆုံးရှုံးမှုမျိုးကို မလိုလားသောကြောင့် အသိပေးရခြင်းဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တပ်မတော်တပ်ဖွဲ့ဝင်များလိုက်ပါလာသော အရပ်ဖက်ခရီးသည်တင်ကားများ၊ သင်္ဘောများ၌ လမ်းကြုံစီး၍ လိုက်ပါလာခြင်းများကိုလည်း ရှောင်ရှားကြရန်လည်း အသိပေးထားသည်ကို တွေ့ရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ စီးနင်းလိုက်ပါလာသည့် တပ်မတော်ရဟတ်ယာဉ်ကို ရသေ့တောင်မြို့နယ်အတွင်းတွင် AA က သေနတ်များဖြင့်ပစ်ခတ်ခဲ့သည်။ သို့သော် လူတစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ပေ။

ဝန်ကြီးချုပ်နှင့်အဖွဲ့ စီးနင်းလိုက်ပါလာသည့် ရဟတ်ယာဉ်ဖြစ်၍ ပစ်ခတ်ခြင်းမဟုတ်ဘဲ စစ်ဘက်သုံးရဟတ်ယာဉ် ဖြစ်နေ၍ ပစ်ခတ်ခြင်းဖြစ်သည်ဟု ခိုင်သုခက တုန့်ပြန်ခဲ့သည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များ၊ ဒဏ်ရာရကျောင်းသား၊ကျောင်းသူများကို ကူညီထောက်ပံ့ရန်သွားခြင်းဖြစ်သဖြင့် ထိုသို့ရဟတ်ယာဉ်ကို ပစ်ခတ်ခြင်းမျိုးကို အထူးသတိထားရှောင်ကြဉ်ရန် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဖေဖော်ဝါရီ ၂၁ ရက် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက စတင်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်များအသုံးပြုကာ တိုက်ခိုက်လျက်ရှိသည်။

လက်ရှိအချိန်တွင် ဘူးသီးတောင်မြို့နယ်အပါအဝင် မြို့နယ်အများစုတွင်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ဘေးရှောင် တစ်သိန်းခြောက်ထောင်ကျော်အထိရှိလာကာ စားဝတ်နေရေး၊ ပညာရေးအခက်အခဲများ ပေါ်ပေါက်လျက်ရှိသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...