AA အတွက် ငြိမ်းချမ်းရေးတံခါး ဖွင့်ထားဆဲဟု အစိုးရ ပြော

AA အတွက် ငြိမ်းချမ်းရေးတံခါး ဖွင့်ထားဆဲဟု အစိုးရ ပြော
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး (ဓာတ်ပုံ - MOI)
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး (ဓာတ်ပုံ - MOI)

ခိုင်ရိုးလ — တပ်မတော်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ရက္ခိုင့်တပ်တော်(AA)အတွက် ငြိမ်းချမ်းရေးတံခါးဖွင့်ထားဆဲဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဖေဖော်ဝါရီလ ၂၁ ရက် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ အဖြေရှာရန် လိုအပ်သောကြောင့် ငြိမ်းချမ်းရေးတံခါးဖွင့်ထားခြင်းဟု ဦးဇော်ဌေးက ပြောသည်။

“လောလောဆယ် ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာတော့ AA ကို တံခါးမပိတ်ပါဘူး။ ငြိမ်းချမ်းရေးလမ်းဖွင့်ထားတယ်။ ဒီပြဿနာတွေကလည်း ကျနော်တို့ လမ်းပိတ်ပြီးတော့ လုပ်လို့ရတဲ့ ကိစ္စတွေမဟုတ်ပါဘူး။ အဲဒါက နှစ်ပေါင်း ၇၀ ကျော် သက်သေသာဓကတွေ ရှိတယ်” ၎င်းကဆိုသည်။

AA အပါအဝင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် တရုတ်နိုင်ငံတွင် စီစဉ်ခဲ့သော်လည်း လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဆွေးနွေးပွဲပျက်သွားခဲ့သည်ဟု ဦးဇော်ဌေးက ပြောသည်။

နိုင်ငံရေးပြဿနာကို တရားမျှတမှုရှိစွာဖြေရှင်းနိုင်မှ ငြိမ်းချမ်းရေးရလာမည်ဖြစ်ပြီး ဖက်ဒရယ်စနစ် တည်ဆောက်ရန်အတွက် အစိုးရ၏အစီအစဉ်များကို ပွင့်လင်းစွာချပြရန်လိုအပ်သည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ဆိုသည်။

“ အထူးသဖြင့် မြန်မာစစ်တပ်ဘက်က လက်ရှိလုပ်နေတဲ့ အင်အားအလွန်အကျွံသုံးတဲ့ ထိုးစစ်တွေကို ရပ်တန့်ဖို့လိုပါတယ်။ ပြီးလို့ရှိရင် လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးပြဿနာဖြစ်တဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတဲ့ ကိစ္စကို အစိုးရဘက်က ဘယ်လိုအာမခံချက်ပေးမှာလဲ ဆိုတာကလည်း အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ပြီးလို့ရှိရင် ဘယ်လိုပုံစံ ဖက်ဒရယ်လုပ်ဖို့အတွက် အစိုးရမှာ အစီစဉ်ရှိနေတယ်ဆိုတာကို အစိုးရဘက်က ပွင့်ပွင့်လင်းလင်း ချပြဖို့လိုပါတယ်။ ဒီလိုမှသာ ငြိမ်းချမ်းရေးကို ဦးတည်လာမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အစိုးရနှင့် AA တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာ လက်ရှိအချိန်ထိ ထူးခြားမှုများမရှိသေးသော်လည်း ဆွေးနွေးပွဲများမှ ငြိမ်းချမ်းရေး ရလဒ်ကောင်းများထွက်လာရန် မျှော်လင့်သည်ဟု မင်းပြားမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

“ အခု ငြိမ်းချမ်းရေးဆွေးနွေးတာလည်း ကြာနေပြီ၊ သိပ်ပြီးထူးခြားချက်ကတော့ မရှိသေးဘူး။ သို့သော် သူတို့နှစ်ဘက်တွေ့ဆုံတာကတော့ အလားအလာကောင်းတဲ့ အနေထားမှာရှိတယ်။ ဒါပေမယ့် တွေ့ဆုံမှုအဖြေမရတာဟာ ပြည်သူတွေအတွက် မကောင်းဘူး။ ကျနော်တို့ကတော့ တွေ့ဆုံမှုအလားအလာကောင်းသလို ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်လာစေချင်တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းက စတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိလာသည်။ ထို့ပြင် အရပ်သားသေဆုံးမှု (၁၃၀)ကျော်ရှိပြီး ဒဏ်ရာရရှိသူ (၃၆၀)ကျော်အထိရှိသည်ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ သိရသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...