ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဝေဘူလမြို့အနီးတွင် စက်မှုဇုန်တည်ဆောက်ရန် မြေ ၆၂ ဧက လျာထားကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်က ပြောသည်။
ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်က “ကျွန်တော်တို့ သက်တမ်းမှာ ဆောက်လုပ်နိုင်ဖို့တော့ စီစဉ်တယ်၊ ပထမအနေနဲ့ အသေးစား၊ အလတ်စား၊ အကြီးစားစက်မှုဇုန် ဆိုပြီး ဝေဘူလနဲ့နီးတဲ့ နေရာမှာ မြေ ၆၂ ဧကလောက် လျာထားပြီးပြီ၊ အဲဒီအတွက် ပုဂ္ဂလိက ကုမ္ပဏီတွေ၊ ရင်းနှီးမြုပ်နှံမယ့်သူတွေနဲ့ အခုကျွန်တော်တို့ ညှိနေတယ်” ဟု ပြောသည်။
ချင်းပြည်နယ်တွင် စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းအဖြစ် ဝဥ ကုန်ချောထုတ်နိုင်သည့် စက်ရုံတစ်ခုသာရှိပြီး တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ကုန်ချောထုတ်နိုင်ရန် စက်မှုဇုန် ထပ်မံတည်ဆောက်ဖို့ လိုအပ်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ်က ဆိုသည်။
သူက “အဲဒီလုပ်ငန်းအတွက် ချင်းပြည်နယ်မှာ ခေတ်စားနေတဲ့ ဝဥစက်ရုံတွေ ဆောက်လုပ်ဖို့လိုအပ်တယ်၊ ချင်းပြည်နယ် တောင်ပိုင်းမင်းတပ်မြို့မှာရှိပေမဲ့ မြောက်ပိုင်းဖက်အတွက်တော့ လိုသေးတယ်၊ ကျွန်တော်တို့ သူဌေးတွေကလည်း ရင်းနှီးမြှုပ်နှံဖို့လိုအပ်မယ်၊ ပြီးတော့ ကားစက်မှုဇုန်၊ အပ်ချုပ်စက်ရုံတို့ တည်ဆောက်နိုင်ဖို့ အခုကျွန်တော်တို့ စီမံကိန်းရေးဆွဲနေတယ်၊ မီးလိုင်းလည်း ရရှိနိုင်ဖို့ ကျွန်တော်တို့ကြိုးစားနေတယ်” ဟု ပြောသည်။
ဝန်ကြီးချုပ်ဆလိုင်းလျန်လွယ်က က “အဲလိုပဲ တစ်မြို့နယ်တွေမှာ မြေပြန့်အများကြီး ရှိသေးတယ်၊ စက်မှုဇုန်ကတော့ ဘယ်မှာပဲ ဆောက်ဆောက် လက်တွဲ လုပ်နိုင်ဖို့က အဓိကပါပဲ၊ စီမံကိန်းအတွက် ပြည်ထောင်စုကိုလည်း ကျွန်တော်တို့တင်ပြီးပြီ၊ သူတို့ကလည်း ခဏခဏ ဒီစီမံကိန်းအကြောင်းကို မေးနေတော့ ကျွန်တော်တို့ကလည်း ထပ်တလဲလဲ ပြန်တင်ပြတယ်” ဟု ဆိုသည်။
ယခုလက်ရှိ ချင်းပြည်နယ်အစိုးရမှ အဓိကလုပ်ဆောင်နေသည့် စီမံကိန်းများတွင် ဆူရ်ဘုံလေယာဉ်ကွင်း စီမံကိန်း၊ ကုလားတန် မြစ်ကူးတံတားစီမံကိန်း၊ ဟားခါး သီမြစ် မြစ်ရေတင်စီမံကိန်း၊ မတူပီ ခရိုင်ရုံးများ တည်ဆောက်ရေးစီမံကိန်း၊ ဟားခါး-ကလေး လမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း၊ ဟားခါး မြို့မစျေးသစ် တည်ဆောက်ရေး စီမံကိန်း၊ နယ်စပ်ကုန်သွယ်ရေးလမ်း ဖောက်လုပ်ခြင်း စီမံကိန်းများ ပါဝင်ပြီး အချို့စီမံကိန်းများ ပြီးစီးသော်လည်း အချို့ကိုမူ ဆက်လက် အကောင်အထည်ဖော်လျက် ရှိကြောင်း သိရသည်။







