စစ်တပ်နှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများကို အားမပေးရန် KWO တောင်းဆိုတိုက်တွန်း

စစ်တပ်နှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများကို အားမပေးရန် KWO တောင်းဆိုတိုက်တွန်း
Photo_(AP Photo/Aung Shine Oo)
Photo_(AP Photo/Aung Shine Oo)

မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းထုတ်ကုန်များကို မြန်မာပြည်သူများနှင့် နိုင်ငံတကာ အနေ ဖြင့် ဝယ်ယူအားပေးမှု မပြုရန် ကရင်အမျိုးသမီးအစည်းအရုံး-KWOက ဖေဖော်ဝါရီလ ၁၈ရက်မှာ ထုတ်ပြန်ချက်တစ်စောင်ဖြင့် ထုတ်ပြန် တိုက်တွန်းတောင်းဆိုလိုက်သည်။

အစိုးရနှင့် စစ်တပ်တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကို နိုင်ငံတကာ၏ ကြီးမားသည့် စိစစ်မှုများ ရင်ဆိုင်နေရသော်လည်း၎င်းတို့အနေဖြင့် အကျိုးအမြတ်နှင့် ဝင်ငွေပုံမှန်ဆက်လက်ရရှိနေသေးသည့်အပေါ် လက်မခံနိုင်ကြောင်း KWO က ဆိုသည်။

KWO အထွေထွေ အတွင်းရေးမှူးနော်ကညောဖောက “ကျမတို့မှာ သူတို့(စစ်တပ်)နဲ့ မပတ်သက်တဲ့ ထုတ်ကုန် တွေကိုရွေးချယ်ခွင့်ရှိတာပဲ။ သူတို့ထုတ်ကုန်တွေကိုသာအားပေးနေမယ်ဆိုရင် ဝင်ငွေများပြီး အင်အားတွေပိုရှိ လာမှာပဲ။ ဒါကြောင့် ကျမတို့ပြည်သူတွေအနေနဲ့ ဒါကိုသိပြီး နိုင်ငံရေးအသိအမြင် နိုးနိုးကြားကြားနဲ့ အဲ့ဒီဟာ တွေကို မဝယ်ဘဲရှောင်မယ်ဆိုရင် ကျမတို့အနည်းစုကစပေမဲ့ အများစုကပါဝင်လာမယ်ဆိုရင် သူတို့ကို ဖိအား ပေးရာရောက်မှာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြန်မာပြည်တွင်ရှိသည့် နိုင်ငံခြားသံရုံးများနှင့် အလှူရှင်များအနေဖြင့် စစ်တပ်ကုမ္ပဏီများထံကို ၎င်းတို့ ၏ ငွေကြေးများမရောက်ရှိကြောင်းကို ပြသသည့် သေချာသောမူဝါဒများကို ထုတ်ဖော်ပြသသွားရန်လည်း KWO က ဆက်လက်တိုက်တွန်းတောင်းဆိုထားသည်။

UK အခြေစိုက် ဘားမားကမ်ပိန်းယူကေ(Burma Campaign UK)၏ ၂၀၁၉ ခုနှစ်၊ သြဂုတ်လက ထုတ်ပြန်ထားသည့် လေ့လာထားချက်အရ စစ်တပ်နှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသည့် နိုင်ငံတ ကာကုမ္ပဏီပေါင်း(၈၀)ကျော်ကို အမည်ပျက်စာရင်းသွင်းထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် သဘာဝ ပတ်ဝန်းကျင်ဖျက်ဆီးမှုရှိသည့် စီမံကိန်းများတွင် ၎င်းနိုင်ငံတကာ ကုမ္ပဏီ များလည်းပါ ဝင်ပတ်သက်နေကြောင်းလည်း ဆိုထားသည်။

အဆိုပါ ဘားမားကမ်ပိန်း ယူကေ၏ ထုတ်ပြန်ထားသည့် ဝယ်ယူသုံးစွဲခြင်း မပြုရသောမြန်မာတပ်မတော်နှင့် ဆက်စပ်သည့် ကုမ္ပဏီများ၏ ထုတ်ကုန်နှင့် ထုတ်ကုန်အမှတ်တံဆိပ် စာရင်းများတွင် စားသုံးကုန်များ၊ ဝန် ဆောင်မှုများ၊ ဆောက်လုပ်ရေး၊ စက်မှုဇုန်များ၊ မီဒီယာ၊ ကုန်သွယ်ရေး၊ စျေးကွက်ကုန်တိုက်များ၊ ခရီး သွားလာရေးနှင့် ဘဏ်လုပ်ငန်းများအစရှိသည့် အမျိုးအစားပေါင်း ၁၄၉ မျိုးကို ဖော်ပြထားသည်။

ထိုအထဲတွင် မြဝတီဘဏ်၊ Mytel ဆက်သွယ်ရေးလုပ်ငန်း၊ ပါရမီ၊ ဗန္ဓုလ၊ ရွှေမန်းသူ၊ ပုသိမ်သူ သယ်ယူပို့ ဆောင်ရေးလုပ်ငန်း၊ မြန်မာဘီယာ၊ မန္တလေးဘီယာ စသည့် အဖျော်ယမကာလုပ်ငန်းအပြင် မြဝတီရုပ်မြင် သံကြား၊ Thazin FM Radio နှင့် ရတနာပုံ နေ့စဉ်သတင်းစာ စသည့် မီဒီယာလုပ်ငန်းများလည်း ပါဝင်သည်။

သို့သော် တပ်မတော်မှ လုပ်ဆောင်နေသည့် စီးပွားရေး ကုမ္ပဏီများသည် တပ်မတော်၏ သက်သာချောင်ချိ ရေး အတွက် လုပ်ဆောင်ခြင်းမျိုးဖြစ်ပြီး KWOမှ စွပ်စွဲပြောဆိုသလို လက်နက်ခဲယမ်းဝယ်ယူမှုမျိုးမဟုတ်ကြောင်း မြန်မာတပ်မတော်ဘက်မှ RFA သတင်းဌာနကို ပြန်လည်တုန့်ပြန်ပြောဆိုထားသည်။

အလားတူ ကရင်ပြည်နယ်အတွင်း တပ်မတော်၏ တရားမဝင် စီးပွားရေးလှုပ်ရှားမှုများဖြစ်သည့် မြေယာသိမ်း ယူမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ၊ ခြိမ်းခြောက်မှုများနှင့် ဆင်ခြင်မဲ့ သတ်ဖြတ်မှုများ အပါအဝင် တခြားသော လူ့အခွင့်အရေးချိုးဖောက်မှု အမြောက်အမြားပိုမိုဖြစ်ပွားလာကြောင်းလည်း KWO၏ ထုတ်ပြန်ချက်၌ ဆိုသည်။

UN ၏ လွတ်လပ်သည့် နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်၏ မြန်မာနိုင်ငံအပေါ် စုံစမ်းစစ်ဆေးမှုများ အရ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ထားချက်များအရ မြန်မာစစ်တပ်၏ စီးပွားရေးအကျိုးအမြတ် ရရှိမှုများကိုဖော်ပြထားပြီး မြန်မာ့တပ်မတော် ကုမ္ပဏီများအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်ရန် တောင်းဆို မှုများလည်း ဖော်ပြထားသည်။

သို့သော် အဆိုပါ ထုတ်ပြန်မှုများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းမှ လျစ်လျူရှုထားပြီး နိုင်ငံတကာကုမ္ပဏီများ အနေဖြင့် တပ်မတော် ကုမ္ပဏီများနှင့် စီးပွားရေးများဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး တိုင်းပြည်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ငွေကြေးထောက်ပံ့ကူညီနေသေးကြောင်းလည်း KWOကဆိုသည်။

KWOအနေဖြင့် ဘားမားကမ်ပိန်းယူကေ၏ သပိတ်မှောက် စာရင်းထုတ်ပြန်မှုအပေါ် ကြိုဆိုကာပြည်တွင်းရှိ ကော်ပိုရေးရှင်းနှင့်ဝန်ဆောင်မှုများတွင် စစ်တပ်၏ပါဝင်မှုကို ပိုမိုမြင်သာစေပြီးသံရုံးများ၊ နိုင်ငံတကာအကူ အညီပေးရေးဌာနများ၊ NGOအဖွဲ့အစည်းများ၊ ကော်ပိုရေးရှင်းများနှင့် တစ်ဦးချင်းအနေဖြင့် အဆိုပါ ကုမ္ပဏီအစု အဖွဲ့များထံမှ ကုန်ပစ္စည်းများဝယ်ယူမှုကိုရှောင်ကြဉ်ရန်အတွက် အရေးကြီးသည့် ခြေလှမ်းတစ်ရပ် အနေဖြင့် လည်းမှတ်ယူကြောင်း KWO က မှတ်ချက်ပြုခဲ့သည်။

KWO -ကရင်အမျိုးသမီးအစည်းအရုံးသည် ထိုင်း-မြန်မာနယ်စပ်အခြေစိုက်ပြီး အမျိုးသမီး၊ ကလေးသူငယ် အ ခွင့်အရေးနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုတိုက်ဖျက်ရေး လှုပ်ရှားဆောင်ရွက်နေသောအဖွဲ့အစည်းတစ်ခုဖြစ် သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...