ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအကျိုးဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးတင်ငွေလေးနှင့် တွေ့ဆုံခြင်း

ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအကျိုးဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးတင်ငွေလေးနှင့် တွေ့ဆုံခြင်း
by -
လှိုင်ထက်ကို၊ အိုက်ပု
ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအကျိုးဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးတင်ငွေလေး
ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအကျိုးဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးတင်ငွေလေး

တိုင်းလိုင် ရှမ်းနီအသံ။     ။ ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ တွေ့ဆုံမှုတွေ လုပ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ရှမ်းနီကနေ တိုင်းလျှန်ဆိုတာ ဖြစ်လာတဲ့ အကြောင်းလေး ပြောပြပေးပါဦး။

ဦးတင်ငွေလေး။     ။ ၂၀၁၆ ခုနှစ် အမျိုးသားညီလာခံ လုပ်ပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့လူမျိုးတွေအားလုံး လူထုတစ်ရပ်လုံးကနေပြီးမှ ရှမ်းနီ ဆိုပြီးမှ လူမျိုးအမည်ကို သတ်မှတ်ကြတယ်ပေါ့။ ဒီလို ဆုံးဖြတ်ချက်နဲ့အတူ ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ သွား တွေ့ဆုံတာပေါ့။ သွား တွေ့ဆုံတဲ့နေရာမှာလည်း ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ ၊ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်အေး သုံးယောက်သွားပြီးမှ တွေ့ဆုံကြတာပေါ့။ တွေ့ဆုံတုန်း ကျွန်တော်တို့လူမျိုးအတွက်ကို ကျွန်တော်တို့ တိုင်းရင်းသားအခွင့်အရေး ရအောင် တင်ပြတာပေါ့။ ကျွန်တော်တို့ အမျိုးသားညီလာခံကနေပြီးမှ ရှမ်းနီဆိုပြီးမှ ကျွန်တော်တို့ ရှမ်းနီလူမျိုးဆိုတဲ့ဟာ မှတ်ပုံတင်ရရှိတယ်ပေါ့၊ တိုင်းရင်းသားလူမျိုးတွေ မှတ်ပုံတင်ရသလို ကျွန်တော်တို့လည်း မှတ်ပုံတင် ကိုင်ချင်ပါတယ်ဆိုပြီး တင်ပြခဲ့ပါတယ်။ တင်ပြခဲ့တော့ တိုင်းရင်းသားရေးရာဝန်ကြီးကနေပြီးမှ ရှမ်းနီဆိုတာ ခင်ဗျားတို့လူမျိုး အပြင်မှာ ခေါ်ချင်လည်း ခေါ် မယ်၊ နိုင်ငံတော်မှာ တရားဝင်တဲ့ နာမည်မဟုတ်ဘူး။ (၁၃၅)မျိုးထဲ မပါဘူး။ မပါတော့ ကျွန်တော်တို့ ပေးလို့ မရဘူး။ ဒါပေမယ့် ဝန်ကြီးက ပြန်ပြောပါတယ်။ တိုင်းရင်းသား ၁၃၅မျိုးထဲမှာ ပါဝင်တဲ့ နာမည်ကို ပြောပြပါဆိုတော့ တိုင်းလျှန်ဆိုတဲ့ နာမည်က ရှမ်းနီပါပဲ။ ရှမ်းနဲ့ခေါ်ရင် တိုင်းလျှန်၊ ဗမာနဲ့ခေါ်ရင် ရှမ်းနီ၊ အဲဒီလို ခေါ်ပါတယ်လို့ တင်ပြတဲ့ အခါကျတော့ သူကနေပြီး ဘာပြောလဲဆိုတော့ ရှမ်းနီဆိုတာ ကျွန်တော်တို့ သတ်မှတ်ပေးလို့ မရဘူး။ တိုင်းလျှန်ပဲ မှတ်ပုံတင်ရချင်ရင် တိုင်းလျှန်အနေနဲ့ တင်ပေးမယ်။ အဲလိုစကားကို ရခဲ့ပါတယ်။

တိုင်းလိုင် ရှမ်းနီအသံ။     ။  အဲလို စကားရခဲ့ပြီးတဲ့အခါမှာရော ဘာတွေ ဆက်လုပ်ဖြစ်တာရှိလဲခင်ဗျ။

ဦးတင်ငွေလေး။     ။ တိုင်းလျှန်အနေနဲ့ရပြီးတော့ အောက်ခြေမှာ အဖွဲ့အစည်းတွေမှာ ပြန်ချပြပေးတယ်ပေါ့၊ ပြန်ချပြတဲ့အခါကျတော့ ကြားမှာလည်း စာပေယဉ်ကျေးမှုပွဲတွေမှာလည်း ဆွေးနွေးကြ၊ ကျွန်တော်တို့ ကောက်ဦးဆွမ်းကပ်လှူပွဲတွေမှာလည်းဆွေးနွေးကြတယ်ပေါ့၊ ဒီကိစ္စကို။ ရှမ်းနဲ့အခေါ်  တိုင်းလျှန်ကို လက်ခံကြဖို့ပေါ့ဗျာ။ ဒါပေမယ့် အောက်ခြေမှာ အရိုးစွဲနေတာ၊ ကျွန်တော်တို့ လူမျိုးတွေဟာ ရှမ်းနီဆိုပြီးတော့မှ ဗမာနဲ့  ခေါ်တဲ့အခေါ်ကိုပဲ လူတွေက စွဲနေတာ။စွဲနေရတဲ့ အကြောင်းရင်းကလည်း ကျွန်တော်တို့လူမျိုးတွေဟာ ရှမ်းစကား မတတ်ကြတော့ဘူး။ နောက်တစ်ခုက တိုင်းလျှန်ဆိုတဲ့အခေါ်ဟာ ရှမ်းကြီး(တိုင်းလုံ)ကနေ ပြီးမှ ကျွန်တော်တို့လူမျိုးကို ခေါ်တဲ့အသံ ဆိုပြီးတော့မှ ကျွန်တော်တို့ သိကြတာပေါ့။ တိုင်းလုံက ခေါ်တဲ့ တိုင်းလျှန်ဆိုတဲ့ စကားကို မပြောချင်ဘူး။ အဲဒီအမည်ကို အဲလိုမျိုး ဖြစ်နေတာ။ ဒီလိုနဲ့ပဲ ကျွန်တော်တို့  ၂၀၁၉ ခုနှစ်မှာ ပြန်ပြီးတော့မှ တိုင်းရင်းသားရေးရာ ဝန်ကြီးနဲ့ သွား တွေ့ဆုံပါတယ်။ ကျွန်တော်တို့ တွေ့ဆုံရတဲ့ အကြောင်းရင်းကလည်း ကျွန်တော်တို့ တိုင်းရင်းသားအခွင့်အရေးကို မရရှိလို့ တွေ့ဆုံချင်တာပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဟုမ္မလင်း ကောက်ဦးဆွမ်းကပ်လှူပူဇော်ပွဲကို တိုင်းဒေသကြီးကနေပြီးတော့ သိန်း(၁၀ဝ) ချပေးတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်မှာတော့ သိန်း (၅၀ဝ)။ အဲဒီခါကျတော့ ကျွန်တော်တို့ ရှမ်းနီတွေဟာ တိုင်းရင်းသားအခွင့်အရေး တန်းတူညီမျှခွင့်ကို မရဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ပြန်သွားတော့ ဆုံတာပါ။ သွားတွေ့တဲ့အခါ ကျွန်တော်တို့ မှတ်ပုံတင်ရရှိရေးကိုပဲ ဆွေးနွေးကြပါတယ်။ မှတ်ပုံတင်ရရှိမှ ကျွန်တော်တို့ တိုင်းရင်းသားအခွင့်အရေး ရမယ်။ မှတ်ပုံတင်မရှိတော့ တိုင်းရင်းသားအခွင့်အရေးလည်း မရနိုင်ဘူး ဆိုပြီးတော့မှ သုံးသပ်ကြထားတဲ့အတွက် အဲလို ဆွေးနွေးခဲ့ရတဲ့အခါမှာ တိုင်းရင်းသား(၁၃၅)မျိုးထဲမှာ တိုင်းလျှန်ဆိုတာတော့ ရှမ်းနာမည်ဖြစ်ပြီးတော့မှ ဗမာနာမည်ကို ထည့်ပေးပါ။ ကွင်းစကွင်းပိတ်နဲ့  ရှမ်းနီဆိုပြီး။ ရှမ်းနီဆိုတာ ဗမာနဲ့ခေါ်တာ၊ တိုင်းလျှန်ဆိုပြီးတော့မှ တင်ပြကြတာပေါ့။ အဲလို တင်ပြတဲ့အခါလိုက်တော့ ပထမကတော့ ဝန်ကြီးက တိုင်းလျှန်ပဲ လုပ်စေချင်တာ။ နောက်ပိုင်း စိုင်းနိုင်နိုင်ကျော်နဲ့ ကချင်ပြည်နယ်က ဒီလို ရှိပါတယ်။ သူ့ဘက်ကလည်း စစ်ကိုင်းတိုင်း အခြေအနေကို ပြန်လည်တင်ပြတဲ့အခါကျတော့ ဝန်ကြီးကနေပြီးတော့ တိုင်းလျှန် ကွင်းစကွင်းပိတ် ရှမ်းနီဆိုရင် အောက်ခြေမှာ ရှိတဲ့ လူမှုတန်းစား အဖွဲ့အစည်းတွေအားလုံး သဘောတူညီလက်မှတ်ထိုးတက်လာခဲ့ဆိုပြီး မှာခဲ့တာပေါ့။ မှာခဲ့တော့လည်း အောက်ခြေမှာ စစ်ကိုင်းတိုင်းကလည်း စစ်ကိုင်းတိုင်း၊ ကျွန်တော်တို့နယ်မြေမှာလည်း အစည်းအဝေးတွေလုပ်တိုင်း တိုင်းလျှန်ဆိုတာ ရှမ်းနဲ့ ခေါ်တယ်။ ရှမ်းနီဆိုတာ ဗမာနဲ့ခေါ်တယ်။ ဥပဒေဘောင်ထဲက ကျွန်တော်တို့ တိုင်းရင်းသားအခွင့်အရေးကို ရယူမယ်ဆိုတဲ့ စိတ်နဲ့ ဒါတွေကို ဆွေးနွေးခဲ့ပါတယ်။

တိုင်းလိုင် ရှမ်းနီအသံ။     ။ ၂၀၁၆ကတည်းက  ဒီကိစ္စကို ဆောင်ရွက်လာတဲ့အခါကျတော့ အခုအချိန်ထိကော ဘာတွေ တိုးတက်လာတာ ရှိလဲခင်ဗျ။

ဦးတင်ငွေလေး။     ။ တိုးတက်မှုကတော့ ရှိပါတယ်။ ကျွန်တော်တို့ လူမျိုးအကျိုးကို ဆောင်ရွက်ဖို့ဆိုပြီးတော့မှ ကျွန်တော်တို့ ပူးပေါင်းကော်မတီ ဖွဲ့စည်းလိုက်တယ်။ အဲဒီ ပူးပေါင်းကော်မတီမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ ပါတီနှစ်ခု၊ လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့တွေ အားလုံးပူးပေါင်းကော်မတီကို ဖွဲ့စည်းလိုက်တာပေါ့။ ဖွဲ့စည်းပြီးတော့ ဒီကိစ္စကိုပဲ ဆွေးနွေးကြပါတယ်။ အဓိကတော့ ကျွန်တော်တို့လူမျိုး ပေါ်ပေါက်ရေးပေါ့လေ။ တော်တော်များများကတော့ တိုင်းလျှန်(ရှမ်းနီ)ကိုတော့ လက်ခံလာကြတယ်။ ဥပဒေဘောင်အတွင်းက သွားမယ်၊ မသွားရင် မရတော့ဘူးဆို ပြီးတော့ လူကြီးပိုင်းတွေလည်း သိလာကြတာပေါ့။ လူကြီးပိုင်းကနေ မြို့နယ်တွေအားလုံးကို ခေါ်ပြီးတော့မှ မြို့နယ်စုံညီ ညှိနှိုင်းဆောင်ရွက်ပါ၊ မြို့နယ်တွေကို ဖိတ်ပြီးတော့ သဘောတူညီချက်ကို ရယူခဲ့တာပေါ့။ ဒါပြီးတော့ ကဲ၊ အမျိုးသားညီလာခံလုပ်ပါ ဆိုပြီးတော့ ပြန်ပြီးတော့ အမျိုးသားညီလာခံကို ကျွန်တော်တို့ မဆောင်ရွက်ရသေးဘူး။ မကြာခင်မှာ ကျွန်တော်တို့ ဆောင်ရွယ်မယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ထားကြတာပေါ့လေ။ အဲဒီအဆင့်ပဲ ရောက်သေးတယ်၊ လောလောဆယ်။  ဟို ဝန်ကြီးဆီ ပြန်မရောက်သေးဘူး။ လည်နေတုန်းပဲ။ ဒါပေမယ့် အမျိုးသားညီလာခံ လုပ်ပြီးရင်တော့ ဆုံးဖြတ်ချက်ရတာနဲ့ အဖွဲ့ ပေါင်းစုံက ချီတက်ဖို့တော့ ရှိပါတယ်။



တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ရှမ်းနီအမျိုးသားအကျိုးဆောင်အဖွဲ့ တွေ့ဆုံစဉ်

တိုင်းလိုင် ရှမ်းနီအသံ။     ။ ဝန်ကြီးဆီ ရောက်သွားရင်ကော မှတ်ပုံတင်ရဖို့က ရာခိုင်နှုန်း သေချာလားခင်ဗျ။

ဦးတင်ငွေလေး။     ။ ရာခိုင်နှုန်းကတော့ သူများတိုင်းရင်းသားတွေအားလုံးကလည်း ကြိုးစားနေတယ်။ ထားဝယ်တောင်မှ ထားဝယ်ဗုဒ္ဓလို့ ရသွားပြီ။ သူက ဗမာထဲမှာ ပါတဲ့လူမျိုးပေါ့။ ကျွန်တော်တို့ ရှမ်း(၃၃)မျိုးထဲမှာ ကျွန်တော်တို့လည်း ရမယ်လို့ အလားအလာ ကောင်းတယ်လို့ ယူဆပါတယ်။

တိုင်းလိုင် ရှမ်းနီအသံ။     ။ ရှမ်းပြည်မှာ တိုင်းလုံတို့၊ ဂုံရှမ်း စတာတွေကို ရှမ်းဆိုပြီးတော့ပဲ ဖော်ပြတာ ရှိတယ်။ အခု တကယ်လို့ တိုင်းလျှန်လို့ လုပ်လိုက်မယ်ဆိုရင် မှတ်ပုံတင်မှာ ထည့်ပေးမယ်လို့ ယုံကြည်လားဗျ။

ဦးတင်ငွေလေး။     ။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တော့ ကွာဟပါတယ်။ ဒီမြောက်ပိုင်းမှာ တစ်ချိန်တုန်းက ရှမ်းတွေ ကြီးစိုးခဲ့တယ်ဆိုတာ သမိုင်းအထောက်အထားတွေ အများကြီး ရှိပါတယ်။ ကြီးစိုးခဲ့တဲ့ လူမျိုးတွေကလည်း တိုင်းလျှန်(ရှမ်းနီ)လူမျိုးတွေ ဖြစ်တယ်ဆိုတာလည်း အားလုံးက လက်ခံထားကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူမျိုးကိုတော့ နိုင်ငံတော်ကနေပြီးမှ တိုင်းလျှန်(ရှမ်းနီ)၊ ရှမ်းနီ(တိုင်းလျှန်)ဆိုတဲ့ နာမည်ကို မှတ်ပုံတင်လုပ်ပေးမယ်လို့ ယူဆပါတယ်။

တိုင်းလိုင် ရှမ်းနီအသံ။     ။  အဲလိုတွေ ရလာနိုင်တယ်လို့ ဆိုတယ်ပေါ့လေ။ ဘယ်လို အခက်အခဲတွေ ရှိနေတာလဲခင်ဗျ။

ဦးတင်ငွေလေး။     ။ ကျွန်တော်တို့ ရှမ်းနီအချင်းချင်း အမည်၊ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အတ္တစွဲတွေကြောင့် မညီမမျှမှုတွေ ဖြစ်နေတာပေါ့။ မြစ်ကြီးနားကလည်း တိုင်းလိုင်လို့ ခေါ်တယ်၊မိုးကောင်းမှာကျတော့လည်း တိုင်းလျှန်လို့ ခေါ်တယ်။ ဟုမ္မလင်းနဲ့ မိုးညှင်းဘက်ခြမ်းကတော့ တိုင်းနိုင်းလို့ ခေါ်ကြတယ်။ ပင်လည်ဘူးကျတော့ တိုင်းဒိုင်းလို့ ခေါ်ကြတယ်။ အဲဒီအခေါ်အဝေါ်တွေကြောင့် စိတ်ဝမ်းကွဲပြီးတော့မှ ခုလို ညှိနှိုင်းဆောင်ရွက်ရတာ နည်းနည်း ကြာနေတဲ့သဘောမျိုး ဖြစ်တာပေါ့။ မကြာမတင်မှာ လုပ်မယ့် အမျိုးသားညီလာခံမှာ အားလုံး ပေါင်းဆုံကြမှာပါ။ မြို့နယ်အားလုံးက ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ဒီ အမျိုးသားညီလာခံရဲ့ ဆုံးဖြတ်ချက်ကို ယူပြီးတော့မှပဲ နိုင်ငံတော်အဆင့်ကို တက်ညီနဲ့ အမျိုးသားကောင်းစားရေးအတွက်ကို ဆောင်ရွက်ကြမှာဖြစ်ပါတယ်။

တိုင်းလိုင် ရှမ်းနီအသံ။     ။ ဖြည့်စွက်ပြောချင်တာများ ရှိရင် ပြောပေးပါဦးခင်ဗျ။

ဦးတင်ငွေလေး။     ။  အဓိကတော့ ကျွန်တော်တို့ လူမျိုး မှတ်ပုံတင်ရရှိရေးက အဓိကဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်က တိုင်းရင်းသားတွေကို အခွင့်အရေး ပေးလာခဲ့လို့ရှိရင် ကျွန်တော်တို့လူမျိုး အခွင့်အရေးမရမှာ ကျွန်တော်တို့ စိုးရိမ်နေရပါတယ်။ ဒါကြောင့် မှတ်ပုံတင်ရရှိရေးကို အဆောတလျင် ကြိုးစားနေရခြင်း ဖြစ်ပါတယ်။

တိုင်းလိုင် ရှမ်းနီအသံ။     ။ ကျေးဇူးတင်ပါတယ်။

Most read this week

May 15, 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မေလ ၁၄ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း...
May 7, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီနှင့်...
May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...