KPP နှင့် KNP ညှိနှိုင်းမှု ရလဒ်ကောင်း ထွက်ပေါ်

KPP နှင့် KNP ညှိနှိုင်းမှု ရလဒ်ကောင်း ထွက်ပေါ်

စောထွန်းလင်း — ရန်ကုန်မြို့အခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)နှင့် ဧရာဝတီတိုင်းဒေသကြီး၌ အားပြု ဖွဲ့စည်းထားသည့် ကရင် အမျိုးသားပါတီ (KNP) တို့ ညှိနှိုင်းဆွေးနွေးပွဲမှာ ရလဒ်ကောင်းထွက်ပေါ်ခဲ့ကြောင်း ပါတီတာဝန်ရှိသူများက ပြောသည်။

အဆိုပါညှိနှိုင်းဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ ၁၅ ရက်က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဘူတာ ရုံလမ်း၊ အမှတ် (၇/C) ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

KPP နှင့် KNP တို့အနေဖြင့် လတ်တလော ပေါင်းစည်းရေး လုပ်ဆောင်နိုင်ခြင်း မရှိသေးသော်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ကရင်ပါတီအချင်းချင်း မဲဆန္ဒနယ်အသီးသီးတွင် နေရာ မထပ်ရေးအတွက် ယခုလို တွေ့ဆုံညှိနှိုင်းခြင်းဖြစ်သည်။

“ ဧရာဝတီတိုင်းဒေသကြီး ကရင့်ရေးရာနေရာအတွက် အသေးစိတ် ဆက်ညှိနှိုင်းဖို့ပဲ ကျန်တယ်။ ကျန်တဲ့ နေရာ တွေ အားလုံးအဆင်ပြေတယ်။ ရလဒ်ကောင်းတယ်။ ကရင်ပါတီ အချင်းချင်း နေရာထပ်ဖို့ မရှိတော့ဘူး” ဟု ညှိနှိုင်းပွဲတွင်ပါဝင်သည့် ကရင်ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ၊ စောစေးဝါးက ကေအိုင်စီသို့ ဖေဖေါ်ဝါရီ ၁၇ ရက်တွင် ပြောသည်။

ညှိနှိုင်းဆွေးနွေးပွဲသို့ ကရင်ပြည်သူ့ပါတီဘက်မှ ဥက္ကဋ္ဌ စောထွန်းအောင်မြင့်၊ ဒုဥက္ကဋ္ဌ စောစေးဝါးတို့ ဦးဆောင် အဖွဲ့ဝင် ၄ ဦး၊ အလားတူ ကရင်အမျိုးသားပါတီဘက်မှ အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်း၊ ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင် မန်းဝေလှတို့ ဦးဆောင်သည့် အဖွဲ့ဝင် ၆ ဦးတို့ တက်ရောက်ခဲ့သည်။

ယခုလို ကရင်ပါတီနှစ်ခု တွေ့ဆုံညှိနှိုင်းနိုင်ရေးအတွက် ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC)က ကမကထပြု လုပ်ဆောင်ပေးခြင်းဖြစ်ပြီး ညှိနှိုင်းပွဲသို့ KUPC ကော်မတီဝင် ဒေါက်တာ နော်ရီဘက်ခါထင်နှင့် ဆရာတော်မက်သရူးအေးတို့ တက်ရောက်ခဲ့သည်။

ထူးခြားမှု အနေဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ တာဝန်ပေးချက်အရ ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်ကလည်း KUPC နှင့်အတူ ကြားဝင် ညှိနှိုင်းရေးကော်မတီဝင်များအဖြစ် ပါတီနှစ်ခု တွေ့ဆုံပွဲသို့ တက်ရောက်လာသည်ကို တွေ့ရသည်။

ကေအဲန်ယူ ဗဟိုကော်မတီဝင်၊ ပဒိုမန်းငြိမ်းမောင်အနေဖြင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ပြုလုပ်သည့် ၇၂ နှစ်မြောက် ကရင်အမျိုးသားနေ့ ဖွင့်ပွဲအခမ်း အနားတွင် ကရင်ပါတီများကိုသာ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးရန် တိုက်တွန်းပြောဆိုခဲ့ဖူးသည်။

အလားတူ ကေအဲန်ယူ၊ ဗဟိုကော်မတီဝင် ပဒိုစောတောနီးကလည်း မြောင်းမြမြို့နယ်တွင်ကျင်းပသည့် ၇၂ နှစ် မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားတွင် ကရင်ပါတီများကိုသာမဲပေးရန် တိုက်တွန်းခဲ့ပြီး ကေအဲန်ယူအ နေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ကရင်ပါတီများဘက်မှ ရပ်တည်မည့် သဘောထားရှိသည်ကို တွေ့ရသည်။

တွေ့ဆုံ ညှိနှိုင်းပွဲတွင် ကရင်အမျိုးသားပါတီက ဧရာဝတီတိုင်းဒေသကြီးတွင် အားပြုဖွဲ့စည်းထားသည်နှင့် အညီ ပါတီစည်းရုံးရေးအားရှိသည့် ပန်းတနော်၊ ညောင်တုန်း၊ ကျောင်းကုန်းစသည့် မြို့နယ် ၆ မြို့နယ်တွင် အားကောင်းသည့် မဲဆန္ဒနယ်များတွင် တစ်နေရာစီ ဝင်အရွေးခံရန် စီစဉ်နေသည့်အပေါ် အစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီး နားလည်မှုရရှိခဲ့သည်ဟု KNP အထွေထွေ အတွင်းရေးမှူး မန်းကျော်ငြိမ်းက ပြောသည်။

“ ဧရာဝတီတိုင်းရေးရာ နေရာကို ကျနော်တို့လည်း ပြိုင်ဖို့ရှိတယ်။ KPP လည်းပြိုင်ဖို့ရှိ နေပြန်တယ်။ ကျနော်တို့ ပါတီ ဘက်က အလျှော့ပေးဖို့က ကျနော့်တစ်ဦးထဲနဲ့ မဖြစ်ပြန်ဘူး။ KNP က ဧရာဝတီတိုင်းအားပြုထားတော့ ပါတီ ဝင်တွေကလည်း တိုက်တွန်းတော့ ပြန်ညှိရမယ်” ဟု မန်းကျော်ငြိမ်းက ပြောသည်။

ထို့အပြင် KNP အနေဖြင့် မွန်ပြည်နယ် ဘီးလင်း၊ ပဲခူးတိုင်းဒေသကြီး ကရင့်ရေးရာဝန်ကြီးနေရာ၊ ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီး၊ ထန်းတပင် မြို့နယ်များတွင် ရွေးကောက်ပွဲဝင်ရန် စီစဉ်နေသလို အဆိုပါ နေရာများ အတွက် ပါတီအချင်းချင်း နားလည်မှုရရှိထားသည်ဟု ၎င်းက ဆက်ပြောသည်။

ယခုလို ကရင်ပါတီများ ညှိနှိုင်းမှုကိုလိုလားသလို ဧရာဝတီတိုင်းဒေသကြီး၊ ကရင့်ရေးရာအတွက် ကရင်ပါတီ တစ်ခုတည်းကသာ ဝင်ပြိုင်ရန် ပိုမိုလိုလားသည်ဟု မြောင်းမြမြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကရင်လူငယ် စထွဋ်ဝေအောင်က ပြောဆိုသည်။

“ကရင်ပါတီတွေက ကရင်ပြည်သူတွေ လိုလားတဲ့အတိုင်းလုပ်ဆောင်နေတယ်။ ကရင်ပြည်သူတွေကလည်း ကရင်ပါတီတွေကို ဝန်းရံပေးဖို့လိုတယ်။ ဒို့တွေလည်း မောနေပြီ၊ ပင်ပန်းနေပြီ။ အသက်တွေလည်း ကြီးကုန်ပြီ ဆိုတော့” ဟု စောစေးဝါးက ဆိုသည်။

ကရင်ပါတီများ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ပြန်လည်ပေါင်းစည်းရန် လုပ်ဆောင်ခဲ့သော်လည်း ပါတီမူဝါဒ၊ မဟာမိတ်ဖွဲ့ထားသည့်အခြေအနေ၊ နယ်မြေအနေအထားအရ လုပ်ဆောင်ရန် အချိန်ပေးရဦးမည် ဖြစ်သည့်အတွက် ညှိနှိုင်းလုပ်ဆောင်နိုင်ရေးအတွက် ၂၀၁၈ နိုဝင်ဘာ ၆ ရက်နေ့တွင် ညှိနှိုင်း ပူးပေါင်းဆောင် ရွက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာကာလတွင် ယခုလို ညှိနှိုင်းကာ ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...