ဖာပွန်ဒေသတွင် ဖေဖော်ဝါရီလအတွင်း စစ်ပြေးရှောင် ပြည်သူ ၃၀၀ ကျော်ရှိလာ

ဖာပွန်ဒေသတွင် ဖေဖော်ဝါရီလအတွင်း စစ်ပြေးရှောင် ပြည်သူ ၃၀၀ ကျော်ရှိလာ

နန်းဝေဖြိုးဇာ — ကရင်ပြည်နယ် KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ မူတရော်(ဖာပွန်)ခရိုင် လူသောမြို့နယ်ရှိ ကျေးရွာ များအတွင်း မြန်မာ့တပ်မတော်မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုများလုပ်ဆောင်သည့်အတွက် ဒေသခံ လူထု ၃၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု နယ်မြေခံ တာဝန်ရှိသူများထံမှ သိရသည်။

ယခု ဖေဖော်ဝါရီလ ၅ ရက်မှ ၇ ရက်နေ့အထိ လူသောမြို့နယ် တကူဒေးကျေးရွာအတွင်း တပ်မတော်ဘက်မှ လက် နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်မှုများရှိနေသည့်အတွက် ရွာသားများ ထိုသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း KNU မူတရော်ခရိုင် ဥက္ကဋ္ဌ ပဒိုစောထဲဒယ်က ယခုလိုပြောဆိုသည်။

“သူတို့ရွာက လမ်းဘေးကျတယ်။ လမ်းမှာလက်နက်ကြီးပစ်ကျတော့ ရွာထဲရောက်တယ်။ တချို့ရက်တွေက နေ့တိုင်း ပစ်တာရှိတယ်။ ရက်ခြားပြီး ပစ်တာလည်းရှိတော့ ရွာသားတွေကမနေရဲဘူး။ တချို့က နီးစပ်ရွာမှာ ထွက်ပြေးတိမ်းရှောင် တယ်။ တချို့ကတောထဲမှာသွားပြီး တိမ်းရှောင်နေတယ်” ဟု ပဒိုစောထဲဒယ်က ကေအိုင်စီသို့ ပြောသည်။

အဆိုပါဖြစ်စဉ်များကြောင့် အိမ်ထောင်စု ၄၅ စုမှ လူဦးရေ ၃၃၂ ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ KNU မူတရော် ခရိုင်တာဝန်ရှိသူများ၏ ကောက်ယူထားသည့် စာရင်းအရ သိရသည်။

ထို့အပြင် ပစ်ခတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများအထဲတွင် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ် ဦးရေ အများဆုံးပါဝင်ပြီး ကျန်းမာရေးချို့တဲ့သူများလည်း ပါဝင်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်နေရ ကြောင်းလည်း KNUက ဆိုသည်။

တပ်မတော် စခန်းများကို KNU ဘက်မှ မိုင်းထောင်ခြင်း၊ လာရောက် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့၍ တပ်မတော်က လက်နက်ကြီးအချို့ပစ်ခတ်ပြီး တုန့်ပြန်ရခြင်းဖြစ်ကြောင်း၊ ကရင်ရွာများဘက်ကို ကျရောက်ခြင်းမှာ မဟုတ်မှန်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ဧရာဝတီ သတင်းဌာနသို့ ပြောဆိုခဲ့သည်။

တပ်မတော်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့ခြင်းနှင့်ပတ်သက်၍ KNLA တပ်မဟာ ၅ ဌာနချုပ်မှ ဖေဖော်ဝါရီ ၉ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ထံ တစ်ကြိမ်၊ ဖော်ဖော်ဝါရီ ၁၅ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC ပဲခူး) ထံသို့ တစ်ကြိမ် ကန့်ကွက်စာများ ပေးပို့ထားကြောင်းလည်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...