တက္ကသိုလ်ဝင်စာမေးပွဲကာလ ရခိုင်တိုက်ပွဲရပ်ဆိုင်းထားရန်တောင်းဆို

တက္ကသိုလ်ဝင်စာမေးပွဲကာလ ရခိုင်တိုက်ပွဲရပ်ဆိုင်းထားရန်တောင်းဆို

မြတ်ဆွေ — တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မကြာမီကာလအတွင်းမှာ ကျင်းပတော့မည်ဖြစ်၍ ကျောင်းသား၊ကျောင်းသူများ အေးအေးချမ်းချမ်း စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ယင်းကာလတွင် ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲရပ်ဆိုင်းထားရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆရာ၊ဆရာမများက တောင်းဆိုကြသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်စာမေးပွဲသည် အလွန်အရေးကြီးပြီး တိုက်ပွဲများဖြစ်ပွားနေလျှင် ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်အနှောင့်အယှက်ဖြစ်သွားစေနိုင်သဖြင့် တိုက်ပွဲများရပ်ဆိုင်းထားရန် လိုအပ်သည်ဟု ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

“စာမေးပွဲစစ်ဆေးဖို့လည်း သိပ်မလိုတော့ဘူး။ ရှေ့လ ၁၁ ရက်နေ့ဆို စာမေးပွဲဖြေရတော့မယ်။ အဲဒီစာမေးပွဲမဖြေခင် စာကြိုးစားနေတဲ့ချိန်အတွင်းမှာ တိုက်ပွဲတွေဖြစ်ရင် ကျောင်းသား/သူတွေ စိတ်အနှောင့်ယှက်တွေ စိတ်ထိခိုက်မှုတွေရှိလာနိုင်တယ်။ ဒါကြောင့် စာမေးပွဲဖြေဆိုမယ့်အချိန်အတွင်းမှာ အေးအေးချမ်းချမ်းဖြစ်စေချင်တယ်” ဟု ၎င်းက ဆိုသည်။

စာမေးပွဲစစ်ဆေးမည့်ကာလများတွင် တိုက်ပွဲဖြစ်ပွားနေလျှင် ကျောင်းသား၊ကျောင်းသူများနှင့် မိဘများလည်း စိုးရိမ်ရသောကြောင့် တိုက်ပွဲရပ်ဆိုင်းထားသင့်သည်ဟု ဘူးသီးတောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက အကြံပြုသည်။

“အဓိကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ တိုက်ပွဲမဖြစ်ပွားဖို့၊ စာမေးပွဲကာလ ပြီးဆုံးချိန်အထိ ထိုးစစ်တွေကို ရပ်ထားသင့်တယ်”၎င်းကပြောသည်။

ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပညာသင်နှစ်တစ်နှစ်တာကာလတွင် အချိန်ကုန်၊ လူပင်ပန်းခြင်းနှင့် ငွေကြေးအမြောက်အများကုန်ကျကာ ပညာသင်ယူထားခြင်းဖြစ်သည့်အတွက် စာမေးပွဲကို အေးအေးချမ်းချမ်း ဖြေဆိုခွင့်ရစေချင်သည်ဟု မင်းပြားမြို့နယ်၊ ပန်းမြောင်း အ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်စိန်က ပြောသည်။

“ကျနော်ကတော့ ကျောင်းသားတွေအပေါ်မှာ အရမ်းကိုစိုးရိမ်တယ်။ စာမေးပွဲဖြေဆိုမယ့် ကာလအတွင်းတော့ နှစ်ဘက်စလုံး အေးအေးချမ်းချမ်းဖြစ်စေချင်တယ်။ တိုက်ပွဲမဖြစ်တာအကောင်းဆုံးပဲ” ဟု ၎င်းကဆက်ပြောသည်။

ရခိုင်ပြည်နယ်ရှိ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ အမ်း၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်ဖြူ၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တို့က စာစစ္ဌာန(၂၀)ခုကို လုံခြုံရေးစိုးရိမ်ရသောကြောင့် တခြားလုံခြံုစိတ်ချရသည့် စာစစ်ဌာနများသို့ ပြောင်းရွှေ့စစ်ဆေးမည်ဟု ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမည့် မတ်လ (၁၁)ရက်နေ့မှ (၂၀)ရက်အထိကျင်းပမည်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ စာစစ်ဌာန (၁၀၇)ခုတွင် ကျောင်းသား၊ကျောင်းသူ (၄၉၀၀၂)ဦး ဝင်ရောက်ဖြေဆိုမည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလစောပိုင်းကပင် စတင်တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...