တနင်္သာရီတိုင်းအတွင်း ကရင်အမှတ်အသားပါသည့် ရွာဆိုင်းဘုတ်စိုက်ထူမှု ကရင်ဝန်ကြီး ကွင်းဆင်းပြီး တိုင်ပင်မည်

တနင်္သာရီတိုင်းအတွင်း ကရင်အမှတ်အသားပါသည့် ရွာဆိုင်းဘုတ်စိုက်ထူမှု ကရင်ဝန်ကြီး ကွင်းဆင်းပြီး တိုင်ပင်မည်

စောရှား — တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ရှိ ကရင်ကျေးရွာအချို့တွင် ကရင်အမှတ်သင်္ကေတပါရှိသည့် ရွာ ဆိုင်း ဘုတ်များ စိုက်ထူထားခြင်းအပေါ် လူပုဂ္ဂိုလ်အချို့က မလိုလားမှုများရှိနေသည့်အတွက် ကရင်တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးက ကွင်းဆင်းတိုင်ပင်မှုများ ပြုလုပ်သွားမည်ဟု သိရသည်။

ဖားစည်၊ ကျွဲချို၊ အနီအဖြူအပြာ၊ နေရောင်ဖြာထွက်သည့်ပုံ၊ ကရင်စာများဖြင့် ရွာဆိုင်းဘုတ်များ စိုက်ထူထား ခြင်းနှင့်ပတ်သက်၍ ယခုဖေဖော်ဝါရီလအတွင်း ကွင်းဆင်းပြီး ရွာသားများနှင့်တွေ့ဆုံတိုင်ပင်မှုများပြုလုပ်သွား မည်ဟု တနင်္သာရီတိုင်း ဒေသကြီး ကရင်ရေးရာဝန်ကြီး စောလုကာက ကေအိုင်စီသို့ ယခုလိုပြောသည်။

“လွန်ခဲ့တဲ့ ၁ ပတ်ကျော်က လမ်းသွားလမ်းလာတွေက ပြောလို့ သတင်းကြားတဲ့အပေါ် ကျနော်က ရွာသားတွေ နဲ့ သွားရောက်တိုင်ပင်ပြီး ဘယ်လိုလုပ်ရသလဲဆိုတာမျိုးပေါ့။ လုံးဝမလုပ်ရဘူးတော့ မဟုတ်ပါဘူး။ ခုက ကွင်းမ ဆင်းရသေးတော့ ဘာဆက်လုပ်သွားမလဲဆိုတာ အတိအကျတော့ ပြောလို့မရသေးဘူး” ဟု ဖေဖော် ဝါရီ ၁၃ ရက်တွင် ပြောသည်။

ရေဖြူမြို့နယ်အတွင်း ကရင်ကျေးရွာ ၁၃ ရွာရှိသည့်အနက် ယခုကဲ့သို့ ကရင်အမှတ်အသားသင်္ကေတကို ဖော် ကျူးထားသည့် ရွာဆိုင်းဘုတ်ရှိသောရွာမှာ ကျေးဇူးတော်ရွာ၊ ရေပုံးရွာနှင့် လော့သိုင်းရွာတို့ ဖြစ်သည်ဟု ရေပုံးရွာမှ စောအာကာလင်းက ပြောသည်။

၎င်းက “တနင်္သာရီတိုင်းမှာလည်း တိုင်းရင်းသားလူမျိုးအများကြီးရှိပါတယ်။ ကရင်ရွာမှာ ကရင်ရဲ့ အမှတ်သင်္ကေ တတစ်ခုအနေနဲ့ ဒီလို ဆိုင်းဘုတ်လေးတောင် ထောင်ခွင့်မရှိရင် တိုင်းရင်းသားတန်းတူ အခွင့်အရေးတို့ ဖက်ဒ ရယ်တို့ဆိုတာက အိပ်မက်ထဲမှာပဲ ရှိနေမှာပေါ့။ ငြိမ်းချမ်းရေးကိစ္စဆိုတာလည်း ယုံကြည်လို့ မရတော့ပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်မဟုတ်သည့်အတွက် ကရင်ရွာများတွင် ကရင်အမှတ်သင်္ကေတများပါသည့် ဆိုင်း ဘုတ်များကို ဖြုတ်ခိုင်းစေချင်သည်ဟူသော စကားသည် တိုင်းရင်းသားအခွင့်အရေးကို ချိုးနှိမ်ရာရောက်ပြီး ယခုကဲ့သို့ ပြောဆိုတိုင်ကြားမှုရှိနေခြင်းမှာ မဖြစ်သင့်ကြောင်းလည်း စောအာကာလင်းက သုံးသပ်ပြောဆိုသည်။

KNU-ကရင်အမျိုးသားအစည်းအရုံးမှ ထားဝယ်ဆက်ဆံရေးတာဝန်ခံ ပဒိုစောဝင်းခိုင်က“ဒီ(တနင်္သာရီတိုင်း)မှာ (တချို့က)ဖွ လိုက်တာလို့ ကျနော်မြင်တယ်။ ဒီလိုဆိုင်းဘုတ်မျိုးက ဧရာဝတီတိုင်း၊ ကရင်နဲ့ မွန်ပြည် နယ်မှာ လည်းရှိတယ်။ ဟိုး နေပြည်တော်လမ်းမမှာလည်း ရှိတယ်။ ဒီကိစ္စကို ညှိညှိနှိုင်းနှိုင်းတိုင်ပင်ပြီး ရေးရာ ဝန်ကြီး အနေနဲ့ သူ့ရဲ့ ဌာနဆိုင်ရာကို ဆက်လက်တင်ပြနိုင်မယ်လို့တော့ ယူဆပါတယ်”ဟု ပြောသည်။

အဆိုပါ ကရင်ရွာများသည် ရှိပြီးသားမူရင်းဌာနေ ရွာများသာဖြစ်ပြီး ယခုလိုဖြစ်စဉ်မျိုး ရှေးယခင် မဖြစ်ခဲ့ဖူး ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

Photo: Ploh soe FB

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...