ချင်းပြည်နယ်၊ ဖလမ်းမြို့တွင်း ယာဉ်ထိန်းရဲများသည် မလိုလားအပ်သည့် တင်းကြပ် စစ်ဆေးမှုမျိုး လုပ်ဆောင်မှုအပေါ် မြို့မိမြို့ဖများမှ ယာဉ်ထိန်းရဲများနှင့် ညိုနိုင်းမှုလုပ်ဆောင်မည်ဖြစ်ပြီး ညှိနှိုင်း မရပါက ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဖလမ်းမြို့၊ မြို့မိ၊မြို့ဖ ဥက္ကဌ Pu Hrang Lawm ကပြောသည်။
Pu Hrang Lawm က “ယာဉ်ထိန်းတွေက နည်းနည်းလွန်လာတော့ ဖလမ်းအခြေဆိုက် မီဒီယာတွေကလည်း လက်ပိုက်ကြည့်နေမလား ဆိုတာတွေ ရေးသားထောက်ပြလာတော့ လူထုနဲ့တာဝန်ရှိသူတွေအကြား ပြသနာအကြီးအကျယ်မဖြစ်ခင် ကျွန်တော်တို့မြို့မိမြို့ဖနဲ့ ဖလမ်းယာဉ်ထိန်းအဖွဲ့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်” ဟုပြောသည်။
ယခုဖလမ်းမြို့တွင်းရှိ ယာဉ်ထိန်းရဲများအနေဖြင့် ဦးထုတ်ဆောင်းမဆောင်းကို အဓိကစစ်ဆေးစေချင်ကြောင်း၊ သို့ပေမယ့် ပစ္စည်းထုတ်သယ်ဆောင်သူများ၊ အရေးပေါ်လူနာသယ်ဆောင်သည့်ယာဉ်ကိုလည်း တင်းကြပ်စစ်ဆေးခြင်းများကြောင့် ဒေသခံများအတွက် ညှိနှိုင်းမှုဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ညှိနှိုင်းမှုမလိုက်နာပါက မြို့မိမြို့ဖများကိုယ်တိုင်ဦးဆောင်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်သွားမည်ဖြစ်ကြောင်း Pu Hrang Lawm ကပြောသည်။
ဖလမ်းမြို့တွင် ယခင်လများထက် ယာဉ်ထိန်းရဲများမှ ယာဉ်စည်းကမ်းလိုက်လံ စစ်ဆေးမှုပိုမိုတင်းကြပ် လာသည့်အပေါ် လူမှုကွန်ယက်စာမျက်နှာများတွင် ဒေသခံများ၏ ထောက်ပြဝေဖန် လာခြင်းကြောင့် လာမည့်လများတွင် စစ်ဆေးမှုလျှော့ချမည်ဖြစ်ကြောင်း ဖလမ်းမြို့ ယာဉ်ထိန်း ရဲအုပ် သန်းမြင့်က ပြောသည်။
ဖလမ်းမြို့ ယာဉ်ထိန်း ရဲအုပ် သန်းမြင့်က “အခုလို လိုင်းပေါ်မှာတင်လိုက်တဲ့ ကောင်လေးကလည်း ကျေးရွာကဖြစ်တယ်၊ သူက နှစ်ခါလောက်ဒဏ်ကြေးဆောင်လိုက်ရတယ်၊ ၁၁ လပိုင်းက တစ်ခါဆောင်ခဲ့တယ်၊ ပြီးတော့ ဦးထုတ်မဆောင်းဘူး၊ နံပါတ်ပြားတပ်ဖို့ကို နောက်တစ်ခါကျွန်တော်တို့ ပြန်ပြောတယ်၊ သူက ရန်ပြုချင်တဲ့ သဘောနဲ့ ပြောလာတော့ ကျွန်တော်တို့က အမှုပြန်ဖွင့်လိုက်တာ၊ အဲဒါကြောင့် သူအခုလိုလိုင်းပေါ်မှာ တင်နေတာပါ” ဟု ပြောသည်။
သူက ဆက်ပြီး “ကျွန်တော်တို့ကတော့ အဓိကယာဉ်အဆင်းတွေကို စစ်ဆေးတာပါ၊ စည်းကမ်းချက်တွေအရ ဖမ်းတယ်၊ ချလံဖြတ်တယ်၊ တရားရုံးကိုပို့တယ် တရားရုံးက တရားဝင်ဒဏ်ငွေရိုက်တယ်၊ ပြီးခဲ့တဲ့လကတော့ ဖမ်းတာနဲ့ အမှုဖွင့်တာကတော့ နည်းနည်းလေးများသွားတယ်၊ ၅၇ မှုကို ဖမ်းလိုက်တာပေါ့၊ အမှုက နည်းနည်းများတော့ လူဆုံဖြစ်သွားတာပေါ့နော်၊ အဲဒါကြောင့် ဒီလကတော့ ယာဉ်အဆင်းတွေကိုပဲ အဓိက ထိန်းသွားမယ်၊ အမှုဖွင့်တာကိုတော့ လျှော့လုပ်မယ်” ဟု ပြောသည်။
ယာဉ်စည်းကမ်း စစ်ဆေးမှုပြုလုပ်ရာတွင် ဦး ထုတ်မဆောင်းသည့်အမှုမှာ အများဆုံးဖြစ်ပြီး၊ ပြီးခဲ့သည့် လများတွင် ရဲနှင့် ပူးပေါင်းစစ်ဆေးခဲ့ခြင်းကြောင့်အဖမ်းအစီးများခြင်းခဲ့ခြင်းဖြစ်ကြောင်း ရဲအုပ် သန်းမြင့်က ဆိုသည်။ ရဲအုပ် သန်းမြင့်က “အမှုအမျိုးအစားကတော့ ၇ မျိုးလောက်ရှိတယ်၊ အများဆုံးကတော့ ဦးထုတ်မဆောင်းတာက အများဆုံးဖြစ်နေတယ်၊ ကျွန်တော်တို့ အတင်းလိုက်ဖမ်းတာတော့ မရှိဘူး၊ ပြီးခဲ့တဲ့လကတော့ ရဲနှင့် ပူးပေါင်းလုပ်လိုက်တော့ တားလိုက်တဲ့ယာဉ်တိုင်းကို စစ်တာပါ၊ ပြီးခဲ့တဲ့လကတော့ ခရိုင်ကနေ လိုက်စစ်ဖို့ပြောလိုက်တော့ အခုလိုအမှုများသွားတာ ဖြစ်တယ်” ဟု ပြောသည်။
ထို့ပြင် ယာဉ်စည်းကမ်းစစ်ဆေးရာမှ ရရှိသည့် ဒဏ်ငွေများကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် အသုံးပြုမည်ဖြစ်ပြီး၊ ဒေသအတွင်း လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ရဲအုပ် သန်းမြင့်က ဆက်လက်ရှင်းပြသည်။ သူက “တကယ်ဆိုရင် တီးတိန်တို့၊ မင်းတပ်မြို့လိုမျိုးမှာဆိုရင် တစ်လကို အမှုပေါင်း ၈၀ ပတ်ဝန်းကျင်လောက်ထိရှိတယ်၊ နှိုင်းပြောရင်တော့ ဖလမ်းမှာတော့ နည်းသေးတယ်၊ ပြီးတော့ ကျွန်တော်တို့ ဖမ်းပြီး ဒဏ်ငွေရိုက်တယ်ဆိုတာကလည်း ကျွန်တော်တို့အတွက် မဟုတ်ဘူး၊ ဒေသအတွင်း လိုအပ်တဲ့ လူစည်ကားတဲ့နေရာ ဥပမာ လမ်းဆုံ၊ အထက (၁) နဲ့ (၂) လိုမျိုးမှာ CCTV တပ်ဆင်ဖို့ ပြန်အသုံးပြုသွားမယ်၊ အဲဒီအတွက် ကုမ္ပဏီကိုလည်း ကျွန်တော်တို့ ဆက်သွယ်ပြီးပြီ” ဟု ဆိုသည်။
ဖလမ်းမြို့ပေါ်တွင် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ယာဉ်စည်းကမ်းမလိုက်နာသည့် ယာဉ်မောင်းများအား ဒဏ်ငွေရိုက်မှုမှရရှိသည့် ငွေပမာဏ သိန်း ၁၅၀ ကျော်ရရှိပြီး၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတာဝန်ရှိသူထံမှ သိရသည်။







