ကရင်အမျိုးသားနေ့ကို တရားဝင် အသိအမှတ်ပြုပေးရန် ကရင်လူထုများတောင်းဆို

ကရင်အမျိုးသားနေ့ကို တရားဝင် အသိအမှတ်ပြုပေးရန် ကရင်လူထုများတောင်းဆို

စအိုင်ဆူး — ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနေ့ကို အစိုးရအနေဖြင့် တရားဝင် အသိအမှတ်ပြုပေးသွားရန် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ အနောက်စု ကျေးရွာတွင် ပြုလုပ်သည့် ၇၂ နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားတွင် တက်ရောက်လာသော ကရင်လူထုများက တောင်း ဆိုလိုက်သည်။

တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်များကို တရားဝင်အသိအမှတ်မပြုနိုင်ဘဲ လူမျိုးကြီးဝါဒ ကြီးစိုးနေသည့် ကာလပတ်လုံး တိုင်းပြည်တွင် ငြိမ်းချမ်းရေးရရှိမည်မဟုတ်သောကြောင့် တရားဝင်နေ့အဖြစ် သတ်မှတ်ပေးရန် ကရင်အမျိုးသားနေ့ကို ဦးဆောင်ကျင်းပသည့် မန်းသန်းကြိုင်က ယခုလိုပြောသည်။

“ဖက်ဒရယ် ဒီမိုကရေစီ စနစ်မျိုးကို ကျနော်တို့ ကရင်တွေ တောင်းဆိုလာတာ ၁၉၄၈ ခုနှစ်ကတည်းကဖြစ်တယ်။ ဒါပေမဲ့ ဒီကနေ့အထိ မဖြစ်ထွန်းသေးတာက ကျနော်တို့ အပေါ်မှာရှိနေတဲ့သူတွေက လူမျိုးကြီးဝါဒကို ကျင့်သုံးနေတုန်းလို့ ယူဆတယ်။ ဒါတွေမရှိတော့မှ ဖက်ဒရယ်မူဝါဒနဲ့ ကရင်လူမျိုးတစ်မျိုးတည်းမကဘဲ လူမျိုးတိုင်းက ငြိမ်းချမ်းမှုကို ရနိုင်မှာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကရင်အမျိုးသားနေ့ကို လွှတ်တော်တွင်း တရားဝင် အသိအမှတ်ပြုပေးရန်လိုအပ်သလို သက်ဆိုင်ရာ ကရင်ခေါင်းဆောင်များအနေဖြင့်လည်း ကရင်အမျိုးသားများ၏ လိုလားချက်ကို ရိုးသားဖြောင့်မတ်မှုနှင့် စည်းလုံးညီညွတ်စွာအကောင်အထည်ဖော်ဆောင်ပေးသွားရန်လည်း မန်းသန်းကြိုင်က ဆက်ပြောသည်။

အစိုးရနှင့် KNU -ကရင်အမျိုးသားအစည်းအရုံးအကြား ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးမှုများနှင့် အပစ်ရပ်လက်မှတ်ရေးထိုးပြီးသည့်နောက်ပိုင်း KNUကို မတရားအသင်းမှ ပယ်ဖျက်ပြီးသည့်နောက် ကရင်အမျိုးသားနေ့ကို ပြည်တွင်းဒေသအသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ကျင်းပလာခဲ့သော်လည်း တရားဝင်နေ့အဖြစ် ပြုလုပ်ကျင်းပရခြင်းမျိုးမဟုတ်ဘဲ နားလည်မှုဖြင့်သာ ပြုလုပ်ကြရပြီး အာဏာပိုင်များ၏ ပိတ်ပင်တားမြစ်မှုများလည်း ခံကြခဲ့ရကြောင်း ဦးဆောင်ကျင်းပသူများက ဆိုသည်။

ကျောင်းကုန်းမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ဦးဆောင်၍ ပြုလုပ်သည့် ကရင်အမျိုးသားနေ့ကို ကျောင်းကုန်းမြို့နယ်အပြင် ဝါးခယ်မ၊ အိမ်မဲ၊ မြောင်းမြ စသည့် မြို့နယ်များမှ ဒေသခံ ကရင်လူထုများပါ စုပေါင်းကာ လူထုတစ်ထောင်နီးပါး ပါဝင်၍ ယခင် ၁၉၄၈ခုနှစ် နည်းတူ ကရင်လူထုများ၏ တန်းတူညီမျှ ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ငြိမ်းချမ်းစွာအသံတိတ် ချီးတက်ဆန္ဒပြသည့် ပုံစံအတိုင်း သရုပ်ပြလူထုချီ တက်ပွဲ ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ကရင်ခေါင်းဆောင်များ၏ တောင်းဆိုချက်များသည် ကရင်လူထုတစ်ရပ်လုံး၏ လိုလားချက်ဖြစ်ကြောင်း သက်သေပြသည့်အနေဖြင့် ဒေသခရိုင်အသီးသီးမှ ကရင် လူထု လေးသိန်းငါးသောင်း (၄၅,၀၀၀၀) ကျော် တောင်းဆိုချက် (၄) ချက် ကိုင်ဆောင်၍ အသံတိတ် ငြိမ်းချမ်း စွာ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ကရင်ခေါင်းဆောင်များက ဆိုသည်။

မြောင်းမြဒေသ ကိုယ်စားလှယ် မန်းအောင်မြင့်ဦးက “ကျနော်တို့ ကရင်တွေ တောင်းဆိုခဲ့တာက အဖျက် အမှောက်အတွက် မဟုတ်ခဲ့ဘူး။ စည်းလုံးညီညွတ်မှုနဲ့ ငြိမ်းချမ်းမှုအတွက်ပဲဖြစ်တယ်။ ဒါကြောင့် သူတို့ (အစိုးရ) တွေအနေနဲ့ နားလည်ရမှာက ကရင်ဆိုတာကလည်း ဒီတိုင်းပြည်ထဲမှာရှိတဲ့ လူမျိုးတစ်မျိုးဖြစ်တဲ့ အညီ ကျနော်တို့တောင်းဆိုမှုတွေကို လိုက်လျောပေးသင့်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

ယနေ့ အခမ်းအနားတွင် သက်ဆိုင်ရာ ဒေသခေါင်းဆောင်များမှ အမှာစကားများ ပြောကြားခဲ့သလို ကရင်အမျိုး သားလွတ် မြောက်ရေးတပ်မတော်-KNLA မှပေးပို့သည့် သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ပြီး အမျိုးသားနေ့ အထိမ်းအမှတ် အားကစားနှင့် ဖျော်ဖြေရေးပွဲတော်များလည်း ထည့်သွင်းကျင်းပခဲ့သည်။

အလားတူ ၇၂ နှစ်မြောက် ကရင်အမျိုးသားနေ့ကို ဧရာဝတီတိုင်းဒေသကြီးအတွင်း မြောင်းမြ၊ ပုသိမ်၊ ပန်းတနော်၊ ညောင်တုန်း၊ ဟင်္သာတ စသည့်မြို့နယ်များနှင့် ရန်ကုန်၊ ဖားအံ၊ ဖာပွန် စသည့် ဒေသအသီးသီးတွင် လည်း ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် မြန်မာတစ်ပြည်လုံးရှိ ကရင်ပြည်သူ လေးသိန်းငါးသောင်းကျော် သည် ဖဆပလ အစိုးရထံသို့ ကရင်ပြည်ပေးရန် ကြွေးကြော်ချက် (၄)ချက်ဖြင့် တောင်းဆိုဆန္ဒပြမှုကို အစွဲပြု၍ ၁၉၅၃ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်မှ၂၅ရက်နေ့အထိ ကျင်းပသည့် ကေအဲန်ယူ၏ ကော်သူးလေ ပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ဖေဖော်ဝါရီ ၁၁ရက်နေ့ကို ကရင်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖေဖော်ဝါရီလ ၁၁ နေ့တွင် ကရင်လူထုများမှ “ကရင်ပြည်ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ ပြည်တွင်းစစ်အလိုမရှိ၊ လူမျိုးရေး အဓိကရုဏ်း အလိုမရှိ” စသည့် ကြွေးကြော်ချက် (၄)ချက်ဖြင့် အသံတိတ် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ကရင်သမိုင်းမှတ်တမ်းများအရ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...