ကရင်တိုင်းရင်းသားတို့၏ နယ်လုံးကျွတ် ကျုံဒိုး မီးပုံပွဲတော် ကျင်းပ

ကရင်တိုင်းရင်းသားတို့၏ နယ်လုံးကျွတ် ကျုံဒိုး မီးပုံပွဲတော် ကျင်းပ
Photo: Nay Naw
Photo: Nay Naw

နေနော် - ကရင်တိုင်းရင်းတို့၏ နယ်လုံးကျွတ် (၁၉၄)ကြိမ်မြောက် မီးပုံပွဲတော်ကို တပို့တွဲ လပြည့်နေ့ ဖေဖော်ဝါရီ ၈ ရက်၊ နံနက် (၄းဝဝ) နာရီက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးကျေးရွာ (ရသေ့ကျောင်း) ဘုန်းတော် ကြီးကျောင်းဝင်းအတွင်း၌ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကျုံဒိုးမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော ရိုးရာမီးပုံပွဲလေးဖြစ်သည့် အဆိုပါ မီးပုံပွဲတော်ကို တပို့တွဲလပြည့်နေ့ ရောက် တိုင်း ရှေးယခင်ဘိုးဘေးများ လက်ထက်ကပင် ကျင်းပလာသည်မှာ နှစ်ပေါင်း ၁၉၀ ကျော်လာခဲ့ပြီဖြစ်သည်။

အဆိုပါ မီးပုံပွဲဟုခေါ်သည့် ရိုးရာယတြာချေသည့်ပွဲကို ကရင်ပြည်နယ်နှင့် အနီးတဝိုက်မှာရှိသော ကရင် ဗုဒ္ဓဘာသာဝင်အများစုက ပြုလုပ်ခြင်းဖြစ်သော်လည်း လူမျိုးဘာသာမရွေး ယုံကြည်ချက်နှင့် ယတြာချေကာ ဆုတောင်း နိုင်ကြသလို မီးပုံတိုင်တွင် သက်စေ့ယတြာပြုပြီး အိမ်ထောင်ရေး၊ စီးပွားရေး ၊ အချစ်ရေးနှင့် ငြိမ်းချမ်း သာယာ သည့်ဒေသ ဖြစ်လာစေရန် တောင်းဆုခြွေကြသည်ဟု ဆိုသည်။

“သစ်ရင်းပင်ကို အသုံးပြုပါတယ်။ အဲဒီသစ်ရင်းပင်ကို ကိုယ့်အရပ်နဲ့တိုင်း၊ ကိုယ့်အရပ်ထက် လက်သုံးလုံး လောက်ပိုဖြတ်ပြီးတော့ နနွင်းနဲ့ လိမ်းသုတ်ရပါတယ်။ အဲဒီအထဲမှာ ကိုယ့်ရဲ့ဆံပင်ချည်အနည်းငယ်နဲ့ ခြေသည်း လက်သည်းအနည်းငယ်လည်း ထည့်ရပါတယ်။ ပြီးရင်မီးရှို့ဖို့ စုပုံထားတဲ့ ပွဲအထိုင်နေရာယူသွားပြီး အမွှေးနံ့သာ ရည်ပက်ပြီး ကိုယ့်မှာကျရောက်မယ့် မကောင်းတာတွေအကုန်ပပျောက်ပါစေ၊ ကောင်းခြင်းများသာ ကျရောက်စေ လို့ ရည်စူးပြီး ကျင်းပကြတဲ့ ရိုးရာယတြာချေတဲ့ မီးပုံပွဲလေးပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

လပြည့်နေ့ မနက်အရုဏ်မတက်မီ နံနက် ၄နာရီ အချိန်ခန့်တွင် မီးပုံတိုင်ကို မီးပူဇော်ရန် မီးပုံတိုင်အနီးစောင့် ဆိုင်းနေသူများက ဆရာတော်ဘုရားထံမှ သီလယူပြီးနောက် ဝတ်ဖြူစင်ကြယ် ဝတ်ထားသူများက နက္ခတ် ကြည့်ပြီး မီးစတင်ရှို့ကြသည်။ မီးရှို့သည့်အခါ မီးလောင်ကျွမ်းပုံကိုကြည့်ပြီး ကျွမ်းကျင်သူ၊ ရှေးမီနောက်မီပုဂ္ဂိုလ်များက နိမိတ်ဖတ်ကြကြောင်းလည်း သိရသည်။

ဖားအံမြို့မှ မီးပုံပွဲသို့လာရောက်သူတစ်ဦးက“ ဒေသက လူတွေကလေ ဆန်ရေစပါးပွားများဖို့၊ စီးပွားရေး အ ဆင်ပြေဖို့၊ ငြိမ်းချမ်းဖို့ ၊ ကျန်းမာရေးကောင်းဖို့တွေဆုတောင်းကြတယ်။ ကျမတို့လည်း သူတို့နည်းတူ ယုံကြည်မှုနဲ့ဆုတောင်းပါတယ်” ဟု ပြောသည်။

အဆိုပါ ကျုံဒိုးမီးပုံပွဲတော်တွင် ပျော်ရွှင်ပွဲအဖြစ် မြန်မာဇာတ်၊ ကရင်ဇာတ်အပြင် နိုင်ငံကျော် အဆိုတော်များ လာရောက် ဖျော်ဖြေခဲ့ကြသလို ကရင်ရိုးရာဒုံး အကပြိုင်ပွဲကိုလည်း ထည့်သွင်းထားကျင်းပခဲ့သည်။

အလားတူပင် ဖားအံမြို့နယ်တောင်ကလေး ( ဖလုံပညာ့တဝေါင့် ) တွင်လည်း ပထမအကြိမ် ကရင်ရိုးရာ မီးပုံပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...
March 31, 2026
အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့်...