တွန်းဇံမြို့နယ်တွင် နယ်စပ်ဈေး ဖွင့်လှစ်ရန် စီစဉ်နေ၊ ကျန် လေးနေရာအတွက်လည်း အိန္ဒိယနှင့် ညှိနှိုင်းနေ

တွန်းဇံမြို့နယ်တွင် နယ်စပ်ဈေး ဖွင့်လှစ်ရန် စီစဉ်နေ၊ ကျန် လေးနေရာအတွက်လည်း အိန္ဒိယနှင့် ညှိနှိုင်းနေ

Salai C.Lian — ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ခင်မန်းကျေးရွာတွင် နယ်စပ်ဈေး ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး ကျန်လေးနေရာအတွက်လည်း အိန္ဒိယဘက်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက လွှတ်တော်တွင် ဖြေကြားသည်။

“တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ခင်မန်းကျေးရွာတွင် နယ်စပ်ဈေးဖွင့်လှစ်ဖို့ စီစဉ်လျက်ရှိ တယ်၊ အိန္ဒိယဘက်နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်"ဟု ပြောကြားခဲ့သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ယင်းသို့ ဆိုလိုက်ခြင်းဖြစ်သည်။

“တီးတိန်မြို့နယ်၊ ဖာရ်တလန်းကျေးရွာ(ရွာသစ်) နယ်စပ်ဈေးနှင့် တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ခင်မန်းကျေးရွာ နယ်စပ်ဈေးစီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ လွှတ်တော်ကိုယ်စားလှယ် ဦးပူဂင်ကမ်းလျန်၏ မေးခွန်းအပေါ်  ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့သည်။

ယင်းအပြင် ဒုတိယဝန်ကြီးက တီးတိန်မြို့နယ်၊ ဖာရ်တလန်းကျေးရွာ၊ နယ်စပ်ဈေးဖွင့်လှစ်ရန် တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အိန္ဒိယနိုင်ငံဘက်နှင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဖြည့်စွက်ပြောသည်။

ချင်းပြည်နယ်တွင် နှစ်နိုင်ငံနယ်စပ်ဈေးဖွင့်လှစ်ရန် (၅) နေရာအနက် (၄)နေရာဖြစ်သည့် ထန်တလန်မြို့နယ်၊ ထာအိုကျေးရွာ၊ ဖလမ်းမြို့နယ်၊ လေးလက်ကျေးရွာ၊ တီးတိန်မြို့နယ်၊ ဖါရ်တလန်းကျေးရွာနှင့် တွန်းဇံမြို့နယ်၊ ဒါရ်ခိုင်းကျေးရွာတို့တွင် နယ်စပ်ဈေး ဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

ဒုတိယဝန်ကြီး ဦးအောင်ထူးက “မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဈေးများ ဖွင့်လှစ်နိုင်ရေး နားလည်မှုစာချွန်လွှာကို ၂၀၁၂ ခုနှစ် မေလမှာ လက်မှတ်ရေးထိုးခဲ့တယ်၊ ပြီးတော့ ပထမအကြိမ် အိန္ဒိယ-မြန်မာ နယ်စပ်ဈေးပူးတွဲကော်မတီအစည်းအဝေး သဘောတူညီချက်အရ မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၅)နေရာနှင့် ချင်းပြည်နယ်အတွင်း (၅)နေရာမှာလည်း နယ်စပ်ဈေးများဖွင့်လှစ်ဖို့် မူအားဖြင့် သဘောတူခဲ့ကြတယ်” ဟု ပြောသည်။

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တွန်းဇံမြို့နယ်၊ ကျီခါး-ခင်မန်းကျေးရွာချင်းဆက်လမ်း (၇)မိုင်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျောက်ခင်းလမ်း(၃)မိုင် (၄)ဖာလုံ၊ (၃၄)ပေအကျယ် လမ်းတာချဲ့ခြင်း (၄)မိုင်၊ ပေ(၂၀)တံတား (၁)စင်း၊ (၁၀)ပေတံတား (၁)စင်းနှင့် (၄ပေx၄ပေ)လမ်းဖြတ်မြောင်း Box Culvert (၇)စင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...