ရွှေကျင်မြို့နယ်က NCA ဆိုင်ရာဆွေးနွေးပွဲ တပ်မတော် ကန့်ကွက်သဖြင့် ဖျက်သိမ်းလိုက်ရ

ရွှေကျင်မြို့နယ်က NCA ဆိုင်ရာဆွေးနွေးပွဲ တပ်မတော် ကန့်ကွက်သဖြင့် ဖျက်သိမ်းလိုက်ရ
Photo: Lerdoh Saw Joseph
Photo: Lerdoh Saw Joseph

KNU-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် သရက်ချောင်းရွာတွင် ဖေဖော်ဝါရီလ ၄ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ဒေသခံလူထုများနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာ ချုပ်-NCA ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲအား နယ်မြေခံ တပ်မတော်မှ သွားရောက်ကန့်ကွက်မှုပြုလုပ်ခဲ့သည့်အတွက် ဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ရကြောင်းသိရသည်။

ယင်းဆွေးနွေးပွဲကို သက်ဆိုင်ရာမှ ခွင့်ပြုချက်ရရှိထားခြင်း မရှိသည့်အတွက် ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် ခြေမြန် တပ်ရင်း -ခမရ(၁၂၄) ရှေ့တန်းစစ်မြေပြင် ဘောကထာစခန်း တပ်ရင်းမှူး ဗိုလ်မှူးထွန်းထွန်းလင်းက ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်စာထုတ်ပြီးသွားရောက်ကန့်ကွက်ခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူများက ပြောသည်။

ဆွေးနွေးပွဲတွင် ပါဝင်သူတစ်ဦးဖြစ်သည့် KNU ညောင်လေးပင်ခရိုင်အမြဲတမ်းကော်မတီဝင် ပဒိုစောဟဲဂေက“ သူ့တို့ ရဲ့လုံခြုံရေးနယ်မြေထဲမှာ ဒါတွေ မလုပ်ရဘူးပေါ့ အဲလိုလာပြောတယ်။ အခုလုပ်နေတဲ့နယ်မြေကတော့ ရောနှော အုပ်ချုပ်တဲ့နယ်မြေလေ။ ဒီလိုဆွေးနွေးပွဲလုပ်တာလည်း KNUနဲ့ အစိုးရတို့နဲ့ သဘောတူညီချက်မှာရှိ ထားတာဖြစ်တဲ့ အတွက် ကျနော်တို့နယ်မြေမှာ ဒါတွေ ဆွေးနွေးပွဲလိုက်လုပ်တာဖြစ်တယ်။ ပထမက သူတို့ ယူနီဖောင်းအပြည့်အစုံဝတ်ပြီး ပါးစပ်နဲ့လာတားဆီးတယ် ။ ကျနော်တို့က လက်မခံဘူးဆိုတော့ စာနဲ့ပေနဲ့ ပြန်လာတားတာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်ရေးနှင့် ပစ်ခတ်တိုက် ခိုက်မှှုရပ်စဲရေးခိုင်မာစေရေးအတွက် NCA သဘောတူညီချက်ပါ အချက်အလက်များအား ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်သည့် အဆိုပါဆွေးနွေးပွဲကို ဗိုလ်မှူးထွန်းထွန်းလင်း အပါအဝင်တပ်ဖွဲ့ဝင် ၅ ဦးမှ လာရောက်တားမြစ်ခဲ့သည့်အတွက် ဆွေးနွေးပွဲကျင်းပမှု ၂ နာရီအကြာတွင် ဖျက်သိမ်းလိုက်ရခြင်း ဖြစ်သည်ဟု ပွဲစီစဉ်သူများက ပြောသည်။

ဆွေးနွေးပွဲတက်ရောက်သည့် သရက်ချောင်းရွာမှ ဒေသခံ ရွာသူတစ်ဦးက“ စစ်ဝတ်စုံတွေနဲ့ အစည်းအဝေးလုပ်တဲ့အချိန်မှာ ရောက်လာတော့ ကျမတို့လည်း လန့်သွားတယ်။ ဆွေးနွေးပွဲတက်ရောက်တာ ဒေသခံအယောက်၂၀၀ နီးပါးက အယောက်တစ်ရာတောင်မပြည့်ဘူး။ ကြောက်လို့ပြန်ပြေးသွားတယ်။ ခေတ်လည်း ကောင်းလာပြီးဆိုတော့ ဒီလို လာတားတာ မရှိလောက်တော့ဘူးလို့ ထင်ထားတာ။ ဆွေးနွေးပွဲလုပ်တာလည်း ကျမတို့ သိထားသင့်တဲ့ အရာတွေပဲ လာရှင်းပြတာလေ” ဟု ကေအိုင်စီသို့ ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်က ပြုလုပ်ခဲ့သည့် NCA ဆိုင်ရာ ဆွေးနွေးပွဲကို KNU ရွှေကျင်မြို့နယ်အဆင့် ပစ်ခတ်ရပ်စဲရေးခိုင်မာ အောင်ဖော် ဆောင်သည့် ကော်မတီနှင့်အတူ ဒေသခံအရပ်ဖက်အဖွဲ့များနှင့် ကျေးရွာတာဝန်ရှိသူများ စုပေါင်းကာ ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး NCA အခန်း ၃ ပါအချက်များဖြစ်သည့် စစ်ဖက်ဆိုင်ရာလိုက်နာရမည့်ကျင့်ဝတ်များနှင့် ကြားကာလအစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

KNU နယ်မြေများဖြစ်သည့် ညောင်လေးပင် ခရိုင်၊ တောင်ငူခရိုင်နှင့် ဖာပွန်ခရိုင်များအတွင်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှ စတင်ကာ တပ်မတော်ဘက်မှ လမ်းတိုးချဲ့ပြင်ဆင် ဖောက်လုပ်မှုများပြုလုပ်သည့် နောက်ဆက်တွဲပြဿနာများကြောင့် အဆိုပါနယ်မြေများရှိ နှစ်ဖက်အောက်ခြေတပ်ဖွဲ့ဝင်များအကြား အပြန်အလှန်ကန့်ကွက်မှုများနှင့် ထိတွေ့မှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...