Salai C.Lian — မြန်မာ့တပ်မတော်နှင့် ရက္ခုင့်တပ်တော်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အရှေ့မြောက်ဖက်ရှိ သြရမတောင်ခြေနားတွင်နေထိုင်သည့် ခမီတိုင်းရင်းသားစစ်ဘေးရှောင် လူဦးရေ ၆၀ ကျော်ပုဏ္ဏားကျွန်းမြိ့သို့ ထပ်မံရောက်ရှိကြောင်း ပုဏ္ဏားကျွန်းမြို့ ဒေသခံများထံမှ သိရသည်။
ပုဏ္ဏားကျွန်းမြို့ လူငယ်ဖွံ့ဖြိုးရေး(ပြုစု) တာဝန်ခံ ကိုအင်္ဂါအောင်က“လက်ရှိအခြေအနေကတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး လုပ်ပေးထားတယ်၊ သိပ်ပြီးဖူလုံတာတော့ မဟုတ်ဘူး၊ အိမ်ထောင်စုအနေနဲ့ကတော့ မများတော့ဘူး၊ တစ်ချို့တွေက ကိုယ့်ရဲ့ အသိတွေဆီကို ပြန်သွားတာတွေရှိတယ်၊ သူတို့တွေက ခမီးတိုင်းရင်းသားတွေဖြစ်ပေါ့၊ ရသေ့တောင်မြို့နယ်က ဖြစ်တယ်၊ သူတို့တွေထဲမှာ ကိုယ်ဝန်ဆောင်တဲ့သူတွေလည်းရှိတယ်၊ ဘုန်းကြီးကျောင်းမှာနေတယ်ဆိုတော့ စားသောက်ရေးကတော့ တတ်နိုင်သလောက်လုပ်ပေးပေမဲ့ မဖူလုံတဲ့ဟာတွေလည်း ရှိတယ်၊ သူတို့ရွာဟောင်းတွေကလည်း နယ်မြေမငြိမ်းချမ်းသေးတော့ ပြန်သွားဖို့က အခြေအနေ မကောင်းသေးဘူး” ဟု ပြောသည်။
ခမီတိုင်းရင်းသာများသည် ရသေ့တောင်မြို့နယ် ဗောဓိက ကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး ၂၀၁၈ ဒီဇင်ဘာလမှ ပြန်လည်စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ရသေ့တောင်မြို့နယ် ပဲသဒူစစ်ဘေးရှောင်စခန်းတွင် တစ်နှစ်နီးပါးခိုလှုံကြပြီး ၂၀၁၉ နိုဝင်ဘာလမှ ပဲသဒူကျေးရွာအနီး တစ်ဖန်တိုက်ပွဲပြန်စမှုကြောင့် ပုဏ္ဏားကျွန်းမြို့သို့ နောက်ထပ် ရွှေ့ပြောင်းရခြင်းဖြစ်ကြောင်း ကိုအင်္ဂါအောင် ဆိုသည်။
ကိုအင်္ဂါအောင် “သူတို့က တစ်ခြားဒုက္ခသည်စခန်းကနေ ပြောင်းလာတာဆိုတော့ နှစ်ထပ်လိုဖြစ်သွားတာပေါ့၊ ဟိုမှာကလည်း အရင်ကထောက်ပံ့တဲ့သူတွေ ပြတ်သွားတော့ ဒီဖက်ကိုလာပြောင်းကြတာဖြစ်တယ်၊ ကျွန်တော်တို့ကတော့ ကူညီနိုင်မည့် အဖွဲ့အစည်းတွေကို လိုက်ချိတ်ပေးတယ်၊ သူတို့ အလုပ်လုပ်ချင်ရင် ကျွန်တော်တို့က အလုပ်ရှင်တွေကို လိုက်ချိတ်ပေးတယ်၊ ပြီးတော့ သူတို့ကူညီသူမရှိရင် မြို့ထဲက တိုင်းရင်းသားတွေထဲကနေ အလှူတွေလိုက်ခံပေးတယ်၊ လက်လှမ်းမီသလောက် လိုက်ကူညီပေးတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်နေသည့် ခမီတိုင်းရင်းသားများကို ပရဟိတအဖွဲ့အစည်းနဲ့ နီးစပ်ရာတိုင်းရင်းသားများမှ ကူညီခဲ့သော်လည်း ရေရှည်တွင် အခတ်အခဲများရှိမည်ကို စိုးရိမ်ကြောင်း ကို အင်္ဂါအောင် ကပြောသည်။
ကို အင်္ဂါအောင် “သူတို့ဒီဖက်ကို လာနေတာ ၂ လလောက်ရှိပြီ၊ ကျွန်တော်တို့ကတော့ လုပ်နိုင်သမျှလုပ်ပေးတယ်၊ ဒါပေမဲ့ ရေရှည်အတွက်ကတော့ အဆင်ပြေမှုထက် အဆင်မပြေမှု ပိုများလာမယ်လို့ ကျွန်တော်ထင်တယ်၊ ခုက ကိုယ်ဝန်သည်တွေရှိတော့ နောက်ဆိုရင် သူတို့ကိုပါ သွားစဉ်းစားပေးဖို့ လိုတော့မယ်” ဟု ဆက်လက်ရှင်းပြသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခုင့်တပ်တော်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ စစ်ဘေးရှောင် ဒုက္ခသည် ခြောက်သိန်းကျော် ရှိပြီဖြစ်ကြောင်း စစ်တမ်းများအရ သိရသည်။







