ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ကမ်းတွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင် စစ်ဆေး

ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ကမ်းတွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင် စစ်ဆေး

နေနော် — ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ သောင်ရင်းမြစ်ကမ်းရှိ လှေဂိတ်အချို့တွင် ဝင်ထွက်သွားလာသူများကို  ကိုရိုနာဗိုင်းရပ်စ်ပိုး ကြိုတင်ကာကွယ်ရေးအနေဖြင့် အပူချိန်တိုင်း ကိရိယာများဖြင့် ဖေဖေါ်ဝါရီ ၂ ရက် နေ့လည်ပိုင်းက ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြဝတီခရိုင်ကျန်းမာရေးဦးစီးဌာန ခရိုင်ဆေးရုံ တာဝန်ခံ ဒေါက်တာရန်နိုင်စိုး၊ မြို့နယ်ကျန်းမာရေးဌာနမှ ဒေါက်တာ ကေခိုင်ထက်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကရင် ပြည်နယ် နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်မှူးနိုင်မောင်ဇော်နှင့် တပ်ဖွဲ့ဝင်များပူးပေါင်း၍  မြဝတီမြို့ အမှတ်(၅)ရပ်ကွက်ရှိ ၉၉၉ ဂိတ်၊ ၈ ဂိတ်နှင့် ၁၈ ဂိတ်တို့တွင် ထိုသို့  ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

“ကျနော်တို့ မြဝတီခရိုင် ကျန်းမာရေးဌာနအနေနဲ့ နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်ဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားမှာတော့ အမြဲတမ်းလိုလို ကျန်းမာရေးစစ်ဆေးမှုများအနေနဲ့ အပူချိန်တိုင်း ကိရိယာများဖြင့် တိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေတာတွေ ရှိပါတယ်။ ဒီနေ့မှာတော့ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များဖြစ်တဲ့ လှေဂိတ်များမှာ ဒီမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး ဝင်ထွက်သွားလာသူများကို ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နေပါတယ်”ဟု မြဝတီခရိုင် ဆေးရုံတာဝန်ခံ ဒေါက်တာ ရန်နိုင်စိုးက ပြောသည်။

သံသယလူနာများ တွေ့ရှိပါက ခရိုင်ဆေးရုံကြီးတွင် ကျန်မာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း ဒေါက်တာ ရန်နိုင်စိုးက ဖြည့်စွက် ပြောသည်။

BGF ဗဟို အကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့မှ ဗိုလ်မှူး နိုင်မောင်ဇော်ကလည်း “လတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးက ကျနော်တို့နိုင်ငံမှာ မတွေ့သေးဘူး။ နောင်လည်း ဖြစ်မလာအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီလို နယ်စပ် ဝင်ပေါက် ထွက်ပေါက်တွေမှာ ကျန်းမာရေးစစ်ဆေးခြင်းများနဲ့ အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနဲ့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားပါမယ်”ဟု ပြောသည်။

အာဆီယံနိုင်ငံများ၏ တံခါးပေါက်မြို့တော်ဖြစ်သော ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် နိုင်ငံတကာ ဝင်ပေါက်၊ ထွက်ပေါက်အဖြစ် ထိုင်း-မြန်မာနယ်ခြား သောင်ရင်းမြစ်ကို ဖြတ်ဖောက်ထားသော မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားကြီး (၂)စင်း ရှိသလို တရားမဝင် လှေဂိတ်ပေါင်း ၂၀ ခန့်မှ ဝင်ထွက်သွားလာမှုများလည်း ရှိနေသည်။

၎င်းအပြင် မြဝတီမြို့၏ မြောက်ဘက် ရွှေကုက္ကိုတွင် တရုတ်မြို့တော်စီမံကိန်းများ ဆောင်ရွက်လျက်ရှိသလို နယ်မြေဆက်စပ်မှုအရ မြဝတီမြို့ပေါ်နှင့် သောင်ရင်းမြစ်ကမ်းတလျှောက်တွင် တရုတ်နိုင်ငံသားများ တစ်သောင်းနီးပါးခန့် လာရောက်နေထိုင်မှုများရှိသည်ဟု မြို့နေပြည်သူများက ခန့်မှန်းထားကြပြီး ယခုလို တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင် ပျံ့နှံ့လာခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေသည်ဟု သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍  ဖေဖော်ဝါရီ ၂ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝှမ်းနိုင်ငံပေါင်း ၂၇ နိုင်ငံတွင် ရောဂါပိုးကူးစက်သူ စုစုပေါင်း ၁၄,၆၃၇ ဦးရှိပြီး သေဆုံးသူ ၃၀၅  ဦးထိရှိလာပြီဟု သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...