ပထမဆုံး တက္ကသိုလ်ဘွဲ့ရ ချင်းအမျိုးသားနှင့် အမျိုးသမီး ပုံတူကြေးရုပ်တု သွန်းလုပ်

ပထမဆုံး တက္ကသိုလ်ဘွဲ့ရ ချင်းအမျိုးသားနှင့် အမျိုးသမီး ပုံတူကြေးရုပ်တု သွန်းလုပ်
ချင်းလူမျိုးများထဲမှ ပထမဆုံး B.A ဘွဲ့ရရှိနိုင်ခဲ့ကြသော ချင်းအမျိုးသားနှင့် အမျိုးသမီးတို့၏ ပုံတူကြေးရုပ်တုကို သွန်းလုပ်လျက်ရှိပြီး၊ မကြာမီတွင် ချင်းပြည်နယ်၏ ပထမဆုံး အထက်တန်းကျောင်းဖြစ်သည့် အထက (၁) ဖလမ်းတွင် ထားရှိသွားမည်ဟု သိရသည်။

Suihmung3ဤပုံတူကြေးရုပ်တု သွန်းလုပ်မှုအား Global Falam Youth Organization (GFYO) မှ ကမကထပြုကာ စီစဉ်ခြင်းဖြစ်ပြီး၊ ပထမဆုံး တက္ကသိုလ်ဘွဲ့ရ ချင်းအမျိုးသား Pu Siah Luai (B.A, B.Ed, B.E.S.U) နှင့် ချင်းအမျိုးသမီးများထဲမှ ပထမဆုံးအထက်တန်းပညာအောင်မြင်သူနှင့် တက္ကသိုလ်ဘွဲ့ရရှိနိုင်ခဲ့သော Pi Hlawn Kip Thluai (B.A, Dip. Ed, TEFL) တို့၏ ပုံတူအား ကြေးရုပ်တု သွန်းလုပ်ခြင်းဖြစ်သည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှ နိုင်ငံတကာသို့ရောက်ရှိနေသော လူငယ်များဖြင့် ဖွဲ့စည်းထားသော GFYO ၏ ဥက္ကဌဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုသို့ ပညာတော်သင်အဖြစ် Social Science ဖြင့် မဟာသိပ္ပံဘွဲ့ရရှိနိုင်ခဲ့သူ Mai Esther Dimte မှ “ချင်းလူမျိုးတွေထဲကနေ တက္ကသိုလ်ဘွဲ့ရပထမဆုံးတွေက ဘယ်သူတွေဖြစ်ပြီး၊ သူတို့ရဲ့ သမိုင်းဝင်မှု၊ ကနဦးခြေလှမ်းတွေကို နှောင်းလူငယ်တွေကို သိစေချင်လို့ပါ။ နောက်ပြီး သူတို့ရဲ့သင်ယူခဲ့တဲ့ ပညာနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် ပြန်လည်ပေးဆပ်တာတွေကလည်း သင်ယူစရာပါ” ဟုပြောသည်။

Pu Siah Luai သည် ချင်းအမျိုးသားခေါင်းဆောင်ဖြစ်သော ပူးကြွန်ဘိခ်၏ မြေးဖြစ်ပြီး၊ ပူးကြွန်ဘိခ်(ဗိုလ်ဆွန်ပက်)၏ အရိုက်အရာ ဆက်ခံခဲ့သော တာရွှန်းစော်ဘွား ပူးဗန်မှုန်း၏ သားဖြစ်သည်။ ၁၉၁၆ ခုနှစ်တွင် တာရွှန်းရွာ၊ ဖလမ်းမြို့နယ်တွင် ဖွားမြင်ခဲ့သည်။ သူသည် ချင်းလူမျိုးများထဲမှ ပထမဆုံးတက္ကသိုလ်တက်ရောက်နိုင်ခဲ့သူဖြစ်ကာ၊ ၁၉၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.A ဘွဲ့နှင့် ၁၉၄၀ တွင် ပညာရေးတက္ကသိုလ်မှ B.Ed ဘွဲ့တို့အား ရရှိနိုင်ခဲ့သူဖြစ်သည်။ ဦးသျှလွယ်သည် ချင်းလူမျိုးများထဲမှ ပထမဆုံးတိုင်းပညာဝန် (I.S) လည်းဖြစ်ကာ၊ ၁၉၇၃ ခုနှစ် အသက် (၅၇) နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

GFYO ၏ အတွင်းရေးမှူးဖြစ်သော Salai Van Bawi Lian မှ “လူငယ်တွေအတွက် အတုယူစရာ သမိုင်းဝင် ဒီပုဂိုလ်နှစ်ယောက်ရဲ့ ရုပ်ထုကို ပြုလုပ်နိုင်တဲ့အတွက် ၀မ်းသာတယ်။ ၂၀၁၆ ကတည်းက လုပ်ကြမယ်ဆိုပြီး၊ အစီအစဉ်ဆွဲခဲ့ကြပေမယ့် ဒီအတွက် ရန်ပုံငွေရှာဖွေဖို့ လိုတာတွေကြောင့် အခုမှပဲအကောင်အထည်ဖော်ဖြစ်နိုင်တယ်။ လုပ်မယ့်လုပ် သမိုင်းဝင်နှစ်ဦးစလုံးရဲ့ရုပ်တုကို သွန်းလုပ်ချင်တာကြောင့်လည်း ပါပါတယ်။ ဖေဖော်ဝါရီလ ဖလမ်းမြို့ပွဲတော်ကြီးအမှီပြီးစီးဖို့ ပြင်ဆင်နေကြပါတယ်။ ချင်းပြည်နယ်ရဲ့ ပထမဆုံးအထက်တန်းကျောင်းဖြစ်တဲ့ အထက (၁) ဖလမ်းမှာ သူတို့ရုပ်ထုကို ထားမှာဖြစ်တယ်။ ကျောင်းအုပ်ကြီးနဲ့တာဝန်ရှိသူတွေကလည်း ၀မ်းသာကြတယ်။ တရားဝင်ဖြစ်မှုအတွက် အစိုးရပိုင်းနဲ့လည်းဆက်လက်ဆွေးနွေးနေကြပါတယ်။ အခုထိတော့ ချောချောမွေ့မွေ့ပါပဲ”ဟု ဆိုသည်။

ဒေါ်လှောန်ကစ်ထွေး သည် ဖလမ်းမြို့နယ်၊ Tlauhmun ရွာဇာတိဖြစ်ပြီး၊ ဇာဟောင်နှင့်ဟွာလ်ငိုးစော်ဘွား Pu Thang Tin Lian ၏ သမီးဖြစ်သည်။ သူမသည် ၁၉၅၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအားအောင်မြင်နိုင်ခဲ့ပြီး၊ ယင်းမှာ ချင်းအမျိုးများထဲမှ ပထမဆုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်နိုင်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာ၊ နိုင်ငံရေးသိပ္ပံ၊ စိတ်ပညာနှင့် နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များအားယူခဲ့ပြီး ၁၉၆၀ ခုနှစ်တွင် ပထမဆုံးဘီအေဘွဲ့ဆွတ်ခူးနိုင်သည့် ချင်းအမျိုးသမီးအဖြစ် မှတ်တမ်းထိုးနိုင်ခဲ့သည်။

ထို့ပြင် သူမသည် သြစတေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်၌ Diploma in Education နှင့် TEFL (Teaching of English as a Foreign Language) တို့အား ရရှိနိုင်ခဲ့သည်။ အင်္ဂလိပ်စာစာပြဆရာမအဖြစ် ဖလမ်း၊ ဟားခါး၊ မင်းတပ်၊ စစ်ကိုင်းနှင့် ပုသိမ်တို့တွင် နှစ်ပေါင်း (၃၀) ကျော်ထမ်းဆောင်ခဲ့သူဖြစ်သည်။ လက်ရှိတွင် အမေရိကန်ပြည်ထောင်စုနှင့် သြစတေးလျရှိ သားသမီးများထံ၌ လည့်လည်နေထိုင်လျက်ရှိသည်။

Pi Hlawn Kip Thluai မှ “ကျမတို့ခေတ်မှာ မိန်းခလေးတွေကျောင်းတက်တာ လုံးဝအားမပေးပါဘူး။ အဖေကိုယ်တိုင်လည်း အားမပေးဘူး။ အကိုတွေ နွေရာသီကျောင်းပိတ်ပြန်လာတဲ့အခါတွေမှာ ချင်းစာရေးနည်းတို့၊ စာဖတ်ပုံနည်းနည်းပါးပါးသင်ယူခဲ့ရတာပဲရှိတယ်။ ၁၉၄၇ မှာအဖေဆုံးတော့ အငယ်ပိုင်းကျမတို့ကို အကို၊အမတွေက ကျောင်းတက်ဖို့အားပေးရင်းနဲ့ စတက်ဖြစ်သွားတာ။ အဲဒီခေတ်က ရ တန်းလောက်အောင်ရင် လခကောင်းကောင်းနဲ့ နေနိုင်တော့ ရ တန်းလောက်ဆိုရင် အစိုးရဝန်ထမ်းလုပ်တဲ့သူနဲ့ အိမ်ထောင်ကျတဲ့သူနဲ့ အပေါ်ထိရောက်မလာကြဘူး။ ကျမကတော့ အစိုးရအလုပ်ကို နောက်မှဝင်မယ်။ လောလောဆယ်တော့ ပညာရေးပဲလုပ်မယ်ဆိုပြီး အာရုံစိုက်လာခဲ့တယ်”ဟု ပြောသည်။

ချင်းအမျိုးသမီးများထဲမှ ပထမဆုံးအထက်တန်းကျောင်းအောင်မြင်သူ၊ ပထမဆုံးတက္ကသိုလ်ဘွဲ့ရသူနှင့် နိုင်ငံခြားပညာသင်ယူနိုင်ခဲ့သူ Pi Hlawn Kip Thluai မှ ” ကျမရဲ့ အကြိုက်ဆုံးဆောင်ပုဒ်ကတော့ “If It doesn’t challenge you, it doesn’t change you” ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်က ကျမဘဝပါပဲ။

ချင်းအမျိုးသမီးတွေပညာသင်တာအားမပေးတဲ့ခေတ်မှာ ကိုယ့်ကိုယ်ကိုအားပေးရင်းရှေ့ကိုချီတက်ခဲ့ရတယ်။ ချင်းလူငယ်တွေကိုမှာချင်တာကတော့ ပညာရေးရဲ့အရေးကြီးတာကို သိကြပါ။ ပညာရေးမရှိရင် ဘဝတိုးတက်မှုက အာမခံချက်နည်းပါတယ်။ ပညာရေးကို အဖြစ်သဘောတောင်မဟုတ်ပဲနဲ့ လောဘကြီးကြပါ။ ခရီးဆန့်နိုင်သလောက် ဆန့်ကြပါ”ဟု RFA Chin Language TV အစီအစဉ်တွင် ပြောကြားခဲ့သည်။

ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...