ရခိုင်သို့ ပြန်ပို့ခံရသည့် မွတ်ဆလင်(၁၅၀)ကျော်ကို စိစစ်ပြီး လက်ခံသွားမည်

ရခိုင်သို့ ပြန်ပို့ခံရသည့် မွတ်ဆလင်(၁၅၀)ကျော်ကို စိစစ်ပြီး လက်ခံသွားမည်
ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များမှာ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် နိုင်ငံခြား(သို့မဟုတ်)ပြည်မဘက်သို့ ထွက်ခွာလျှင် ဖမ်းဆီးခံရမှုများရှိပြီး ပြန်ပို့ခံနေရသည်။ (ဓာတ်ပုံ - ချလူးအောင်)
ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များမှာ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် နိုင်ငံခြား(သို့မဟုတ်)ပြည်မဘက်သို့ ထွက်ခွာလျှင် ဖမ်းဆီးခံရမှုများရှိပြီး ပြန်ပို့ခံနေရသည်။ (ဓာတ်ပုံ - ချလူးအောင်)

ချလူးအောင် — ကော့သောင်းပင်လယ်ပြင်တွင် ဖမ်းဆီးပြီး မောင်တောခရိုင်သို့ ပြန်ပို့လိုက်သည့် မွတ်ဆလင် (၁၅၅)ဦးကို ဒေသတွင်း နေထိုင်ခဲ့ခြင်း ရှိ၊မရှိ စိစစ်ပြီး လက်ခံသွားမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က DMG သို့ပြောသည်။

ကော့သောင်းပင်လယ်ပြင်တွင် ဖမ်းဆီးခဲ့သည့် မွတ်ဆလင် စုစုပေါင်း (၁၇၂)ဦးကို ဇန်နဝါရီလ (၁၃)ရက်နေ့က တပ်မတော်ရေယာဉ်ဖြင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခဲ့သည်။ ယင်းအနက် (၁၇)ဦးကို စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာတွင် နေထိုင်ခဲ့သည်ဟုဆိုကာ နိုင်ငံသားစိစစ်ရေး ယာယီသက်သေခံကဒ်ပြား(NVC) ထုတ်ပေးပြီး သဲချောင်းသို့ ပို့ဆောင်ခဲ့သည်။

ကျန်မွတ်ဆလင် (၁၅၅)ဦးကို မောင်တောမြို့နယ်၊ အလယ်သံကျော်ကမ်းခြေသို့ ပို့ဆောင်ခဲ့ကာ မောင်တော၊ ဘူးသီးတောင်မြို့နယ်တွင် နေထိုင်ခဲ့ခြင်း ရှိ၊မရှိ စစ်ဆေးမည်၊ ဒေသတွင်းနေထိုင်ခဲ့ကြောင်း အထောက်အထားခိုင်လုံလျှင် UEHRD အစီအစဉ်ဖြင့် ပြန်လည်လက်ခံသွားမည်ဖြစ်ပြီး နေထိုင်ခဲ့ခြင်းမရှိသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းပေးသွားမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

“မောင်တောမှာနေထိုင်ခဲ့တာ ဘယ်နှစ်ဦး၊ ဘူးသီးတောင်မှာနေထိုင်ခဲ့တာ ဘယ်နှစ်ဦးလဲ။ နေထိုင်ခဲ့တာ မှန်ကန်လားဆိုတာ သေချာစစ်ဆေးပြီးမှ သိရမှာဖြစ်တယ်။ မောင်တောနဲ့ ဘူးတောင်မှာ အမှန်တကယ်နေထိုင်ခဲ့သူတွေကိုပဲ UEHRD အစီအစဉ်နဲ့ ပြန်လည်လက်ခံတာ ပြုလုပ်သွားမှာပါ” ဟု ၎င်းကဆိုသည်။

မောင်တောဒေသတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ARSA အကြမ်းဖက်အဖွဲ့က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ပြီးနောက် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ရာတွင် မွတ်ဆလင် (၇)သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားရသည်ဟု ကုလသမဂ္ဂက ပြောဆိုထားသည်။ ၎င်းတို့ကို ပြန်လည်လက်ခံရန်အတွက် နှစ်နိုင်ငံအစိုးရကြား သဘောတူညီမှုများရှိခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ တရားဝင် ဝင်ရောက်လာခြင်းမရှိပေ။

ယခု ပြန်ပို့ခံလိုက်ရသည့် မွတ်ဆလင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်း (ခေါ်) အုန်းကျွန်း နိုရာပါရာဒုက္ခသည်စခန်းမှ မလေးရှားနိုင်ငံသို့ ထွက်ခွာလာစဉ် ဒီဇင်ဘာလ (၁၅)ရက်နေ့က ကော့သောင်းမြို့နယ်တွင် တပ်မတော်(ရေ)မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူထဲတွင် အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၆၈ ဦး၊ ကလေးငယ်အမျိုးသား ၁၃ ဦး၊ ကလေးငယ် အမျိုးသမီး ၉ ဦး၊ စုစုပေါင်း (၁၇၂)ဦး ပါဝင်သည်ဟု အစိုးရပိုင် မြန်မာ့အလင်းသတင်းစာက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း ထားဝယ်ခရိုင်အတွင်းတွင် ဖမ်းဆီးခံရသည့် မွတ်ဆလင် (၉၀) ကျော်မှာ စစ်တွေမြို့သို့ ပြန်ပို့ခံရသည်။ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ကျေးရွာများတွင် နေထိုင်ကြသည့် မွတ်ဆလင်များမှာ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် နိုင်ငံခြား(သို့မဟုတ်)ပြည်မဘက်သို့ ထွက်ခွာလျှင် ဖမ်းဆီးခံရမှုများရှိပြီး ပြန်ပို့ခံနေရသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...