လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းခံရသည့် ပလက်ဝဒေသခံသုံးဦးကို သေဆုံးလျက်တွေ့ရှိ

လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းခံရသည့် ပလက်ဝဒေသခံသုံးဦးကို သေဆုံးလျက်တွေ့ရှိ
သေဆုံးသူ ကျောင်းအုပ်ဆရာကြီး ဦးအာဗေလ (ဓာတ်ပုံ - ခူမီးမီဒီယာ)
သေဆုံးသူ ကျောင်းအုပ်ဆရာကြီး ဦးအာဗေလ (ဓာတ်ပုံ - ခူမီးမီဒီယာ)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆီးဖလောင်းကျေးရွာမှ ကျောင်းဆရာတစ်ဦးအပါအဝင် ဒေသခံသုံးဦးမှာ လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခေါ်ဆောင်မှုခံရပြီးနောက် ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ၎င်းတို့ကို သေဆုံးလျက်တွေ့ရှိရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မိသားစုနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

၎င်းတို့ သုံးဦးကို ဇန်နဝါရီလ (၇)ရက်နေ့၊ ညနေ (၇)နာရီခန့်က လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

“ ည ၇ နာရီလောက်မှာ လက်နက်ကိုင်လူတချို့က အဲသုံးယောက်ကို ခေါ်သွားတယ်လို့ သိရတယ်။ ဒီဘက်မှာဆိုရင်လည်း သတင်းတွေက နိုင်ငံရေးပဋိပက္ခတွေ အများကြီးရှိတဲ့အခါကျတော့ ဘယ်သူခေါ်သွားမှန်းမသိဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မိသားစုနှင့်နီးစပ်သူ တစ်ဦးက DMG သို့ပြောသည်။

အဆိုပါသုံးဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး လိုက်ရှာသည့်အခါ တောလမ်းတစ်ခုတွင် သေဆုံးနေသည့်အလောင်းများကို တွေ့ရှိရခြင်းဖြစ်သည်ဟု ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစောမြ ကပြောသည်။

“သူတို့ (AA) ညနေဖက်မှာ အဲသုံးယောက်ကိုခေါ်သွားတယ်။ ခေါ်သွားပြီးတော့ မနက်မိုးလင်းမှ သူတို့ပြန်မရောက်လာဘူး ဆိုတာကို သိပြီးမှ လိုက်ရှာကြည့်တဲ့အခါ တောလမ်းထဲမှာပေါ့ အလောင်းသုံးလောင်း ပြန်ရတယ်။ အဲဒီအလောင်းတွေ ပလက်ဝရင်ခွဲဆေးရုံမှာ ရောက်နေတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါနေရာသည် လုံခြုံရေးတင်းကျပ်သည့်နေရာတစ်ခုဖြစ်ပြီး မိမိတို့အနေဖြင့် ယင်းသုံးဦးကို ဖမ်းဆီးခြင်းမရှိဟု ရက္ခိုင့်တပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက DMG ကိုပြောသည်။

“အဲဒီဥစ္စာကတော့ ကျနော်တို့ဘက်က လုပ်တာလုံးဝမဟုတ်ဘူး။ အဲဒီနေရာက ပြောမယ်ဆိုလို့ ရှိရင် (ခလရ ၂၈၉) စခန်းရဲ့ နောက်ပိုင်းက ဗျုဟာဖြစ်တယ်။ အဲဒီနေရာက လုံခြုံရေးတွေ တင်းကျပ်တဲ့ နေရာဖြစ်တယ်။ ဆိုတော့ အဲဒီနေရာမှာ ဒီလိုမျိုးဖမ်းတယ်ဆိုတဲ့ ဥစ္စာကတော့ ကျနော်တို့ (AA) က ဖမ်းတယ် ဆိုပြီးတော့ စွပ်စွဲတဲ့ဥစ္စာကတော့ ဒါအခြေအမြစ်မရှိ ဒါသက်သက်စွပ်စွဲချက်တွေပဲ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့အကြား ၂၀၁၅ ခုနှစ်ကစတင်ကာ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး လက်ရှိအချိန်တွင် ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...