ဘူးသီးတောင်ကလူငယ်များ သေဆုံး၊ဒဏ်ရာရရှိသွားခြင်းမှာ လက်နက်ကြီးကျည်ကျရောက်မှုကြောင့်ဟု ဒဏ်ရာရကျောင်းဆရာပြော

ဘူးသီးတောင်ကလူငယ်များ သေဆုံး၊ဒဏ်ရာရရှိသွားခြင်းမှာ လက်နက်ကြီးကျည်ကျရောက်မှုကြောင့်ဟု ဒဏ်ရာရကျောင်းဆရာပြော
ပုံစာ -  ကျောင်းသား(၄)ဦးသေဆုံးကာ (၆)ဒဏ်ရာရရှိမှုဖြစ်စဉ်သည် AA ထောင်ထားသည့်မိုင်းပေါက်ကွဲမှုကြောင့် ဖြစ်သည်ဟု တပ်မတော်ကထုတ်ပြန်သော်လည်း ဒဏ်ရာရကျောင်းဆရာကမူ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့်ဖြစ်သည်ဟု ပြောသည်။
ပုံစာ - ကျောင်းသား(၄)ဦးသေဆုံးကာ (၆)ဒဏ်ရာရရှိမှုဖြစ်စဉ်သည် AA ထောင်ထားသည့်မိုင်းပေါက်ကွဲမှုကြောင့် ဖြစ်သည်ဟု တပ်မတော်ကထုတ်ပြန်သော်လည်း ဒဏ်ရာရကျောင်းဆရာကမူ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့်ဖြစ်သည်ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထိပ်တူးပေါက်(မွတ်ဆလင်ကျေးရွာ)အနီးရှိ တောင်ကုန်းပေါ်တွင် ယမန်နေ့က ကျောင်းသား (၄)ဦးသေဆုံးကာ (၆)ဦးဒဏ်ရာရရှိမှုဖြစ်စဉ်သည် မိုင်းပေါက်ကွဲမှုကြောင့်မဟုတ်ဘဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်ဖြစ်သည်ဟု ဒဏ်ရာရရှိသွားသည့် ကျောင်းဆရာ အာလီဇူဟာရ်က DMG ကို ယနေ့ပြောသည်။

ကျောင်းဆရာနှင့်အတူ ကျေးရွာမှ နှစ်မိနစ်ခန့်သွားရသည့် တောင်ကုန်းပေါ်သို့ ထင်းရှာရန်သွားကြစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် သေဆုံး၊ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။ သေဆုံးသူများမှာ အသက်(၁၀) နှစ်အရွယ်နှစ်ဦးနှင့် အသက် (၈)နှစ်အရွယ်နှစ်ဦး ဖြစ်သည်။ ဒဏ်ရာရရှိသူများမှာ အသက် (၈)နှစ် (၁၀)နှစ်ကြား ငါးဦးနှင့် အသက် (၂၅)နှစ်အရွယ် ကျောင်းဆရာတို့ဖြစ်သည်။

“(၉)နာရီ (၄၅)မိနစ်လောက်မှာ လက်နက်ကြီးကျည်တစ်လုံးမြေမှာကျလာတယ်။ ဘယ်ဘက်က ပစ်တာလဲမသိဘူး” ဟု မောင်တောဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် အာလီဇူဟာရ်က ပြောသည်။

ယင်းနေ့တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ပေ။ ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျေးရွာအနီးရောက်ရှိနေသော တပ်မတော်သားများက လာရောက်စစ်ဆေးမှုများရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ဘက်က သတင်းထုတ်ပြန်ချက်ရာတွင် AA ထောင်ထားသည့် နင်းမိုင်း (၁)လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် သေဆုံး၊ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့အပြင် ယင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် တောင်ကုန်းသည် AA က တောင်ကုန်း၏ အနောက်မြောက်ဘက်ရှိ ဖုန်ညိုလိပ်ရဲကင်း တံတားစခန်းအား မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် နေရာတစ်ခုဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

တပ်မတော်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “အဲဒါကတော့ ဗမာစစ်တပ်ဘက်က သူတို့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် မဟုတ်မမှန်လုပ်ကြံပြီး ထုတ်ပြန်တာဖြစ်တယ်။ မိုင်းပေါက်ကွဲတာက သူတို့ဗမာစစ်တပ်က လာသမျှ တည်းနေတဲ့နေရာ၊ စခန်းချခဲ့တဲ့နေရာမှာ ပေါက်ကွဲတာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြပြီး တောတောင်များသို့ ဟင်းရှာ၊ထင်းခုတ်ရန် မသွားရဲကြတော့ဟု ဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်တွင် မိုင်းအန္တရာယ်ကြောင့် သေဆုံးသူ (၁၆)ယောက်ရှိပြီး ဒဏ်ရာရရှိသူ (၅၇)ယောက်ရှိသည်။ ဒဏ်ရာရသူများအနက် (၁၅)ယောက်မှာ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသွားသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ဒီဇင်ဘာလ ပထမပတ်တွင် DMG သို့ ပြောထားသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တိုက်ပွဲကြောင့် ဘူးသီးတောင်မြို့နယ်တွင် မွတ်ဆလင် (၂၀၀၀)ကျော် စစ်ဘေးဒဏ်ခံစားရနေရပြီး မြို့နယ်အသီးသီးတွင် ရခိုင်စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိနေကာ စားဝတ်နေရေး၊ ပညာရေး စသည့် အခက်အခဲများရှိနေသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...