မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်အတွင်း နေထိုင်သည့် ချင်းလူမျိုးများ၏ နိုင်ငံအမျိုးသား မှတ်ပုံတင်တွင် လူမျိုးအမည်နေရာတွင် ဗမာ ဟုဖော်ပြမှုများကို လူမျိုးအမှန်ပြန်လည်ပြုပြင်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အတွင်းရေးမှုး ဆလိုင်းကျဲအိုဘိခ်ထောင်းကပြောသည်။
“မြန်မာနိုင်ငံအတွင်း ချင်းပြည်နယ်ပြင်ပမှာ နေထိုင်နေတဲ့ ချင်းလူမျိုး၊ အထူးသဖြင့် မြေပြန့်မှာရှိတဲ့ ချင်းလူမျိုး ထဲက မှတ်ပုံတင်၊အိမ်ထောင်စုစာရင်းမှာ ဗမာလို့ရေးထားတဲ့ ချင်းလူမျိုး လေးသောင်း ငါးသောင်းလောက်ရှိမယ်၊ အဲတာတွေက ရင်နာစရာကောင်းတယ်၊ လဝက၊ အစိုးရအဆက်ဆက် ကလုပ်ခဲ့တဲ့ဟာတွေ အခုအကုန်ပြောင်းလဲဖို့လိုတယ်။ အဲတာက ကျွန်တော်တို့ရည်ရွယ်ချက်လည်းဖြစ်တယ်”ဟု ကွင်းဆင်းဆောင်ရွက်နေသူ CNLD အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်က ပြောသည်။
ယခုတွင် ဂန့်ဂေါ်ခရိုင်အတွင်းကွင်းဆင်းဆောင်ရွက်နေပြီး လူမျိုးအမည်မှန်ကို မှတ်ပုံတင်ခွင့်လျှောက်လွှာ လေးမျက်နှာရှိ လျှောက်လွှာများကိုအဆောင်ရေ ၁၀၀၀ ထုတ်ဝေကာ ကျေးရွာလူဦးရေအလိုက် ပေးဝေထားကြောင်းလည်းသိရသည်။
ချင်းလူမျိုးဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် ဗမာလူမျိုးဟု ထည့်သွင်းခံရသူများကို မှတ်ပုံတင်တွင် လူမျိုးအမှန်ဖြစ်စေရန်လုပ်ဆောင်မှုကို ယခုနှစ်အတွင်း အပြီးအစီးဆောင်ရွက်နိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
ဆက်လက်ပြီး ဆလိုင်း ကျဲအိုဘိခ်ထောင်က “ သန်းခေါင်စာရင်းမှာ ချင်းဖြစ်ပေမယ့် မှတ်ပုံတင်မှာ ဗမာဖြစ်တာတွေ၊ သန်ခေါင်စာရင်းမှာ ဗမာဖြစ်တာတွေ လည်းရှိနေတယ်၊ ချင်းလူမျိုးဖြစ်ပေမယ့် မှတ်ပုံတင်မှာ ဗမာလူမျိုးလို့ရေးထားတာ ထောင်ဂဏန်းလောက်ရှိတယ်၊လျှောက်လွှာတွေကို အကုန်ဖြန့်တယ် ဂန့်ဂေါ်ခရိုင်လဝက က လုပ်ပေးတဲ့ လူမျိုးအမည်မှန် အဖြစ်ပြင်ဖို့ မှတ်ပုံတင်ခွင့် လျှောက်လွှာလေးမျက်နှာလောက်ရှိတဲ့ဟာ တွေကို ဖြည့်ကြပြီးတော့ ဂန့်ဂေါ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးမှာ မှာတင်ပြပြီးတော့ပြောင်းလဲပေးမယ်လို့တော့ ပြောတယ်”ဟုပြောသည်။
ယခုကဲ့သို့ အမျိုးသားမှတ်ပုံတင်တွင် လူမျိုးအမှန်ထည့်သွင်းနိုင်ရေးဆောင်ရွက်မှုကို ကိုယ်ထူကိုယ်ထအနေဖြင့်ကွင်းဆင်းဆောင်ရွက်သူ ၃ ဦးရှိပြီး ပြည်တွင်းပြည်ပအလှူရှင်များမှ အဓိက ထောက်ပံ့ပေးခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်မှုကို ဇန်နဝါရီ ၄ရက်ကနေ့မှစတင်ကာ မကွေးတိုင်းအတွင်း ဂန့်ဂေါ်ခရိုင်တွင်းရှိ ဂန့်ဂေါမြို့၊ ထီးလင်းမြို့၊ ဆောမြို့၊ကျောက်ထုမြို့တို့တွင်လည်း ဆက်လက်ကွင်းဆင်းဆောင်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်းသိရသည်။







