Salai Khup Khup — ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ချင်းလူမျိုး အိမ်ခြေခုနှစ်ရာဝန်းကျင် မကွေးတိုင်းဒေသကြီးဖက်သို့ ပြောင်းရွှေ့နေထိုင်ရန် ပြင်ဆင်လျက်ရှိပြီး လက်ရှိတွင် အိမ်ခြေတစ်ရာမှာပြောင်းရွှေ့နေထိုင်ပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာအစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲများပိုမိုပြင်းထန်လာခြင်းကြောင့် အမ်းမြို့နယ်တွင် မျိုးဆက်ပေါင်းများစွာနေထိုင်လာခဲ့ကြသည့် ချင်းလူမျိုးများမှာ စစ်ဘေးရှောင်သည့်အနေဖြင့် မကွေးတိုင်းဒေသကြီးဖက်သို့ပြောင်းရွှေ့ကြရခြင်းဖြစ်သည်။
အရှိုချင်း လူငယ်ခေါင်းဆောင် ဆလိုင်းရိုမောင်က “အမ်းမြို့ဖက်က အိမ်ခြေခုနှစ်ရာလောက် ဒီဖက်ကို ပြောင်းလာဖို့ ကျွန်တော်တို့ကို ဆက်သွယ်လာတယ်။ ကျွန်တော်တို့လည်း ဒီဖက်မှာ နေရာတွေ ရှာနေတုန်းဖြစ်တယ်။ ဟိုမှာက တိုက်ပွဲတွေ ဖြစ်တော့ နေလည်းမနေရဲ ကျတော့ဘူး။ နောက်ပြီး လူငယ်ဆိုရင် ခေါ်ခေါ်သွားတာ တွေရှိတော့ လူငယ်တွေဆိုရင် ကြောက်ပြီးတော့ ရွာမှာမနေရဲလို့ ဒီဖက်ကို များသောအားဖြင့် လူငယ်တွေ တော်တော်ရောက်လာတယ်။ သူတို့တွေရဲ့ ရွာမှာ အသက်ကြီး အဖိုးအဘွားအရွယ်တွေပဲ ကျန်ခဲ့တယ်”ဟုပြောသည်။
လက်ရှိအမ်းမြို့နယ်ဖက်မှ မကွေးတိုင်း ငဖဲဒေသဖက်သို့ ပြောင်းရွှေ့လာသည့် ချင်းလူမျိုး အိမ်ခြေ တစ်ရာကျော် လောက်ကို တစ်ရွာတွင် ငါးအိမ်ခြေမှ ဆယ်အိမ် စသည်ဖြင့် ဒေသခံများမှ နေရာချထားရေးနှင့် ပတ်သက်ပြီး ကော်မတီများဖွဲ့ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆလိုင်းရိုမောင်က ပြောသည်။
ရခိုင်ပြည်နယ်မှပြောင်းရွှေ့နေထိုင်လာသူ များအတွက် အစိုးရဖက်တွင်လည်း အကြောင်းကြား ထားသော်လည်း လက်ရှိအချိန်ထိ ကူညီဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။
ဆလိုင်းရိုမောင်က “ဟိုတနေ့က ထပ်ပြီးပြောင်းရွှေ့ဖို့ ထပ်လုပ်နေတာက အယောက်တစ်ရာလောက်ရှိတယ်။ အစိုးရဖက်ကိုလည်း သုံးကြိမ်လောက်ရှိပြီ။ အကြောင်းတော့ ကြားတယ်။ လက်ရှိဘာမှတော့ မထူးသေးဘူး။ ဒီမှာရှိတဲ့ ချင်းကျောင်းသား အဖွဲ့အစည်း တချို့လည်း အခြားလူမှုအဖွဲ့အစည်း အသီးသီးတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေရတယ်”ဟုပြောသည်။
အမ်းမြို့နယ်တွင်ရှိသည့် ချင်းလူမျိုး ပြောင်းရွှေ့လာဦးမည့် အိမ်ခြေ ငါးရာ အတွက်ကိုလည်း မင်းတုန်းဖက်တွင် ရွာတည်ပေးနိုင်ရန် စီစဉ်ဆောင်ရွက် နေလျှက်ရှိကြောင်းကိုလည်း ဆလိုင်းရိုမောင်က ပြောသည်။
“နောက်သုံးလေးရက်လောက်ဆိုရင် သူတို့ဖက်ကို ရိက္ခာတွေသွားပို့ရင်း ဒီဖက်ကို ပြောင်းရွေ့လာချင် တဲ့ စာရင်းတွေ ကောက်ဖို့လည်းရှိတယ်။ စာရင်းတွေ ကောက်ပြီးတာနဲ့ အစိုးရကို စာရင်းတင်မယ်။ တင်ပြီးတာနဲ့ ကျွန်တော်တို့ နေရာရှာထားတဲ့ နေရာမှာ နေရာချထားပေးဖို့ စီစဉ်ထားတယ်”ဟုဆက်ပြောသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အကြား ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည့် စစ်ပွဲမှာ ကျယ်ပြန့်လာပြီး ရခိုင်ပြည်နယ်အတွင်းတွင်လည်း စစ်ဘေးရှောင် ပြည်သူ ပိုမိုများပြားလာကြောင်း သိရသည်။







