ရခိုင်ပြည်နယ် အင်တာနက်ဖြတ်တောက်ခံထားရမှု ခြောက်လတိတိရှိပြီ

ရခိုင်ပြည်နယ် အင်တာနက်ဖြတ်တောက်ခံထားရမှု ခြောက်လတိတိရှိပြီ

ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်ခံရမှုသည် ယနေ့အချိန်တွင် ခြောက်လကြာမြင့်ခဲ့ပြီဖြစ်ပြီး ကမ္ဘာ့ အရှည်ကြာဆုံးဖြတ်တောက်မှုများတွင် တစ်ခုအပါအဝင်ဖြစ်လာနေသောကြောင့် အင်တာနက်ဖြတ်တောက် ထားမှုကို ရှုတ်ချကြောင်း အရပ်ဖက်အဖွဲ့အစည်း (၂၀)ခန့်က ဒီဇင်ဘာလ ၂၁ ရက်နေ့က ကြေငြာလိုက်သည်။

အစိုးရက အင်တာနက်ဖြတ်တောက်မှုကို နိုင်ငံတော်လုံခြုံရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း အဆိုပါဒေသတွင် ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ ပဋိပက္ခဖြစ်ပွားမှုကို လျှော့ချရာတွင် အထောက်အကူပြုသည်ဆိုသည့် အထောက်အထားမတွေ့ရှိရသေးဟု ကြေငြာချက်တွင်ပါသည်။

“ကုလမသဂ္ဂအဖွဲ့အပါအဝင် နိုင်ငံတကာက ရှုတ်ချမှုတွေရှိနေပေမယ့် အစိုးရက ယနေ့အချိန်ထိ အဲဒီမြို့နယ် တွေမှာ မိုဘိုင်းအင်တာနက် ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးမှု မရှိသေးတာကိုတွေ့ရတယ်”ဟု ကြေငြာ ချက်တွင် ရေးသားထားသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးသော ပြည်နယ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ရာ အင်တာနက်ဖြတ်တောက်ခံရမှုသည် ပြည်နယ်၏ ဖွံ့ဖြိုးမှုနိမ့်ကျသည့် အခြေအနေများနှင့် ပဋိပက္ခများကို ပိုမိုဆိုးရွားလာစေနိုင်သည်မှာ အငြင်းပွားဖွယ်ရာ မရှိပေဟုလည်း ဆက်လက်ရေးသားထားသည်။

ထို့အပြင် အင်တာနက်ဖြတ်တောက်ထားမှုကို ချက်ခြင်းရပ်တန့်ပြီး အင်တာနက်အသုံးပြုခွင့် အပြည့်အဝရရှိရေး အတွက်လည်းတောင်းဆိုထားသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် (၉)မြို့နယ်ကို ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့တွင် အစိုးရက ကြိုတင်အသိပေးခြင်းမရှိဘဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။ စက်တင်ဘာလ ၁ ရက်နေ့တွင် မြို့နယ် (၅)မြို့နယ်ကို အင်တာနက် အသုံးပြုခွင့်ပေးခဲ့သော်လည်း မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့နယ်များတွင် အင်တာနက် ဆက်လက် ဖြတ်တောက်ထားဆဲဖြစ်သည်။

အင်တာနက်ဖြတ်တောက်ခံထားရသည့် ဒေသများသည် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ဒေသများဖြစ်ကာ စစ်ဘေးရှောင်များလည်း များစွာရှိသည်။

အင်တာနက်ဖြတ်တောက်ထားမှုကြောင့်  ပြည်သူများ သတင်းအချက်အလက်သိရှိပိုင်ခွင့် ဆုံးရှုံးသွားပြီး စီးပွားရေး၊ ပညာရေး၊ ဆက်သွယ်ရေးကိစ္စများတွင် အခက်အခဲဖြစ်ပေါ်နေသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...