သေဆုံးသူအုပ်ချုပ်ရေးမှူးမှာ AA တပ်ဖွဲ့ဝင်ဟု တပ်မတော်ထုတ်ပြန်သော်လည်း မိသားစုနှင့် AA ငြင်းဆို

သေဆုံးသူအုပ်ချုပ်ရေးမှူးမှာ AA တပ်ဖွဲ့ဝင်ဟု တပ်မတော်ထုတ်ပြန်သော်လည်း မိသားစုနှင့် AA ငြင်းဆို

ကျော်သူဌေး — သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာများဖြင့် သေဆုံးသွားပြီဖြစ်သည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်မော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်မှာ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်တစ်ဦးဟု တပ်မတော်က ထုတ်ပြန်သော်လည်း မိသားစုဝင်များနှင့် AA က ငြင်းဆိုလိုက်သည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ညနေပိုင်းက စိတ္တရကျေးရွာအနီးတွင် နေအိမ်တစ်လုံးပေါ်မှ AA တပ်ဖွဲ့က တပ်မတော်စစ်ကြောင်းကို ပစ်ခတ်ခဲ့သဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ထို့နောက် ယင်းအိမ်ကိုစစ်ဆေးရာ ရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းနှင့် ကျောက်မော်ကျေးရွာမှ ဦးကျော်အေးမောင်တို့ကို ကျည်ထိမှန်၍ သေဆုံးနေသည်ကို တွေ့ရသည်ဟု တပ်မတော်က အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ယင်းအလောင်းများကို စစ်ဆေးရာတွင် ဦးကျော်အေးမောင် ဝတ်ဆင်ထားသည့် အနွေးထည်အကျႌ အိတ်ကပ်အတွင်းမှ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ရှေ့ဆောင်ဓားကိုင်အဖြစ် ပါဝင်သည့် မှတ်တမ်းဓာတ်ပုံအား သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် ရွာအတွင်းမှ ဖမ်းဆီးခဲ့သည့် (၇) ဦးကလည်း ၎င်းအား AA တပ်ဖွဲ့ဝင်ဖြစ်ကြောင်း ထွက်ဆိုသည်ဟုလည်း တပ်မတော်က ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

သို့သော် ဦးကျော်အေးမောင်မှာ AA တပ်ဖွဲ့ဝင်မဟုတ်ကြောင်းနှင့် AA နှင့် ဆက်စပ်မှုလည်းမရှိဟု ဦးလေးဖြစ်သူ ဦးကျော်လှဖြူက DMG သို့ ပြောသည်။

“AA နဲ့အမှန်တကယ် ပတ်သက်မှုမရှိဘူး။ ကျနော်တို့ရွာနားမှာ တိုက်ပွဲဖြစ်တာကြောင့် စစ်ဘေးရှောင်ဒုက္ခသည် များနေတဲ့အခါ ကယ်ဆယ်ရေးစခန်း ဆောက်ဖို့အတွက် စိတ္တရအုပ်ချုပ်ရေးမှူးအိမ်မှာ အစည်းအဝေးတစ်ခု ပြုလုပ်ကြပါတယ်။ အဲဒီမှာဝင်ပြီးတော့ အကြမ်းဖက်ပြီး သတ်သွားတာပါ။ AA နဲ့ဆက်စပ်မှု လုံးဝမရှိပါဘူး” ဟု ၎င်းကဆိုသည်။

ယင်းထုတ်ပြန်ချက်မှာ လုပ်ကြံခြင်းဖြစ်ပြီး ကျူးလွန်ထားသည့်ပြစ်မှုကို ဖုံးကွယ်ရန် ကြိုးစားသည့်သဘောမျိုးဟု မြင်မိသည်ဟု AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။

“ဘာကြောင့်လဲဆိုရင် အဲဒီကျေးရွာအုပ်ချုပ်ရေးမှူးကို သူ့ရွာက သူတွေလဲ အကုန်လုံးသိသလို သူရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ မင်းပြား ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း သူ့အကြောင်းကို သိတဲ့ဥစ္စာဆိုတော့ ဗမာစစ်တပ်ဖက်ကလည်း သူတို့အောက်ခြေတပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့အပြစ်တွေကို ဖုံးကွယ်ဖို့ကြိုးစားတာကတော့ နောက်လည်း ကျူးလွန်အုံးမယ်ဆိုတဲ့ သဘောဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့က တပ်မတော်သားများသည် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်ကို မေးမြန်းပြီး ကျေးရွာအတွင်း ပစ်ခတ်ဝင်ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း(အသက် ၄၂ နှစ်)ကို သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နှက်ပြီး သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားပြီး ဒေါ်ဖြူဖြူဝင်းဆိုသူလည်း ကျည်ထိမှန်၍ သေဆုံးသွားသည်ဟု မိသားစုဝင်များက ပြောသည်။

တပ်မတော်၏ ထုတ်ပြန်ချက်တွင် သေဆုံးသူ အမျိုးသမီးဒေါ်ဖြူဖြူဝင်း အမည်ကို ဖော်ပြထားခြင်း မရှိပေ။ နေအိမ်အတွင်းတွင် ကျောက်မော်ကျေးရွာမှ ဦးကျော်အေးမောင် သေဆုံးနေသည်ကို တွေ့ရသည်ဟုသာ ဖော်ပြထားသည်။

ယင်းနေ့တွင် ဦးကျော်အေးမောင်အပါအဝင် ရွာသား (၉)ဦးကို တပ်မတော်က ဖမ်းဆီးသွားသည်။ ယင်းအနက် ဦးကျော်အေးမောင်ကို ဒီဇင်ဘာလ (၁၄)ရက်နေ့က လည်ပင်းလှီးဖြတ်ဒဏ်ရာ၊ ဘယ်ဘက်လက်ဖြတ်ထားသည့် ဒဏ်ရာ၊ ခါးနှင့် ပေါင်တို့တွင် သေနတ်ဒဏ်ရာများနှင့် သေဆုံးနေသည်ကို သလူးချောင်း ကျေးရွာ၏ အနောက် ဘက် မင်းဖူးတောင်အောက်တွင် တွေ့ရှိခဲ့သည်ဟု မိသားစုဝင်ထံက သိရသည်။

<><><>

ဦးကျော်အေးမောင်ကို AA တပ်ဖွဲ့ဝင်ဟု တပ်မတော်က ထုတ်ပြန်ထားသည့် ပုံဖြစ်သည်။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...