တိုင်းရင်းသားဘာသာစကားများသင်ကြားရရာတွင် ၂၀၂၀-၂၀၂၁ ခုနှစ်မှ စတင်ကာ ကျောင်းသား/သူ ၂ဝဦးတွင် ဆရာ/မ တစ်ဦးနှုန်းဖြင့်ခန့်အပ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်ထွန်းက ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နီရွှေလျန်းမှ ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသား စာပေသင်ကြားမည့် ဆရာ၊ ဆရာမများကို ခန့်ထားခြင်း မရှိသေးသော ကျောင်းများတွင် ဆက်လက်ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ ဒီဇင်ဘာ ၆ရက်နေ့တွင်ကျင်းပခဲ့သည့် ပြည်သူလွှတ်တော်အစည်းအဝေးတွင် မေးမြန်းရာ ဝန်ကြီးမှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ဝန်ကြီးက ပြန်လည်ဖြေဆိုတဲ့အပေါ်မှာ ကျေနပ်မှုရှိပါတယ်၊ ကျောင်းသား အယောက် ၂ဝကို ဆရာ/မ တစ်ယောက်နှုန်းခန့်ထားမယ်လို့ဖြေထားတာဖြစ်တဲ့အတွက် လုံလောက်မှုရှိတယ်လို့ ကျွန်မထင်တယ်”ဟု ပြည်သူ့လွှတ်တော်အမတ် ဒေါ်နီရွှေလျန်းမှ ပြောသည်။
ပညာရေးဝန်ကြိးဌာနအနေဖြင့် ချင်းပြည်နယ်အတွင်း Teaching Assistant (TA) အဖြစ် ၄၇၃ဦးအား ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း ခန့်ထားခဲ့ပြီး ၂၇၁ဦးအား ဆက်လက်ခန့်ထားနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဒုဝန်ကြီး ဦးဝင်းမောင်ထန်းမှ ဖြေကြားခဲ့သည်။







