ထိုင်းနိုင်ငံ ချင်းမိုင် ကရင်နှစ်သစ်ကူးပွဲတော်တွင် ကရင်ပြည်နယ် ဒုံးအဖွဲ့ သွားရောက်ဖျော်ဖြေမည်

ထိုင်းနိုင်ငံ ချင်းမိုင် ကရင်နှစ်သစ်ကူးပွဲတော်တွင် ကရင်ပြည်နယ် ဒုံးအဖွဲ့ သွားရောက်ဖျော်ဖြေမည်

စောရှား — ထိုင်းကရင်အဖွဲ့(Karen Thai Group-KTG)မှ ကြီးမှူးကာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ အူးကွယ်ရွာ တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်မည့် ကရင်နှစ်သစ်ကူးနေ့ပွဲတော်သို့ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ရသေ့ပျံ ကျေးရွာ ဒုံးအဖွဲ့က သွားရောက် ကပြဖျော်ဖြေမည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ် နိုဝင်ဘာလ၊ ကရင်ပြည်နယ်နေ့ ဒုံးအကပြိုင်ပွဲတွင် ပထမဆုဆွတ်ခူးခဲ့သည့် ရသေ့ပျံယဉ်ကျေးမှုဒုံး အဖွဲ့အနေဖြင့် ဒီဇင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်ညများတွင် ထိုင်းကရင်နှစ်သစ်ကူးပွဲ၌ ကပြဖျော်ဖြေသွားမည်ဟု အကနည်းပြချုပ် စောအောင်ကျော်ငြိမ်း(စဝ်ပါ်ပါ်)က ယနေ့(ဒီဇင်ဘာ ၅ ရက်)တွင် ကေအိုင်စီသို့ ပြောသည်။

စောအောင်ကျော်ငြိမ်းက“ထိုင်းနိုင်ငံမှာ ကရင်နှစ်သစ်ကူး ကြီးကြီးကျယ်ကျယ်လုပ်ဖို့ရှိတယ်။ နိုင်ငံတကာက ကရင်အဖွဲ့အစည်းတွေလည်း လာဖို့ရှိတယ်။ ဒါကြောင့် ဒုံးတစ်ဒုံး လာရောက်ကပြဖို့ ဖိတ်ခေါ်တဲ့အတွက် သွားကဖို့ စီစဉ်ဖြစ်သွားတာ။ ထိုင်းက အမျိုးတွေရှေ့မှာ ဖျော်ဖြေရမယ်။ ဆုံတွေ့ရမယ်ဆိုတော့ အတိုင်းထက် အလွန် ဝမ်းသာပါတယ်။” ဟု ပြောသည်။

ဒုံးအကအပြင် ဝါးညှပ်အက၊ တေးသရုပ်ဖော်အကများပါ ပါဝင်ဖျော်ဖြေသွားမည့် လူဦးရေ ၆၀ ဦးခန့်ရှိသည့် ရသေ့ပျံဒုံးအဖွဲ့အနေဖြင့် ဒီဇင်ဘာ ၂၃ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး စောအောင်ကျော်ငြိမ်း ဦးဆောင်ခဲ့သည့် ကရင်ယဉ်ကျေးမှုဒုံးအဖွဲ့အနေဖြင့် တတိယအကြိမ်မြောက် နိုင်ငံခြားဖျော်ဖြေရေးခရီးစဉ်ဖြစ် ကြောင်း သိရသည်။

ကရင်လူငယ် ဒုံးဆရာ စောအောင်ကျော်ငြိမ်းဦးဆောင်ခဲ့သည့် မြန်မာနိုင်ငံ ကိုယ်စားပြု ကရင်ယဉ်ကျေးမှုဒုံးအဖွဲ့ အနေဖြင့် နိုင်ငံခြားဖျော်ဖြေရေးခရီးစဉ်အဖြစ် ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် အင်ဒိုနီးရှားနိုင်ငံသို့ ပထမဦးဆုံးအကြိမ် သွားရောက် ဖျော်ဖြေခဲ့ဖူးသည်။

ထို့အပြင် တရုတ်နိုင်ငံ၊ ဟွမ်ရှီးပြည်နယ်၊ နန်နင်းမြို့၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်မှ ၁၅ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (15th China-ASEAN EXPO 2018) သို့ မြန်မာနိုင်ငံ ကိုယ်စားပြုသည့် ကရင်ဒုံးအဖွဲ့အနေဖြင့် ဒုတိယအကြိမ် ဖျော်ဖြေကပြသွားခဲ့ဖူးသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်ကရင်နှစ်သစ်ကူးနေ့ ပွဲတော်၌ ကရင်အကများအပြင် ထိုင်းရှိ ကရင်အဆိုတော်များဖြစ်သည့် စောချေစူဝစ်ချန်းနှင့် အဖွဲ့သားတို့၏ သီချင်း၊ ကရင်စောင်း တူရိယာတီးခတ်ဖျော်ဖြေမှုများ၊ ရိုးရာလက်ဝှေ့၊ ဝတ် စား ဆင်ယင်မှုပြပွဲများဖြင့် ခမ်းခမ်းနားနားပြုလုပ်သွားမည်ဖြစ်ကြောင်း KTG (Facebook Page)တွင် ဖော်ပြ ထားသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...