လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ပြန်လွှတ်မပေးဘဲ ဆက်လက်ထိန်းသိမ်းထားမည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ပြော

လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ပြန်လွှတ်မပေးဘဲ ဆက်လက်ထိန်းသိမ်းထားမည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ပြော

နိုဝင်ဘာလ ၃ ရက်နေ့က အဖမ်းခံထားရသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား လုံခြုံရေးအခြေအနေအရ ပြန်လွှတ်ပေးအုံးမည်မဟုတ်ဘဲ ဆက်လက်ထိန်းသိမ်းထားဦးမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်မတော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။

ခိုင်သုခက “ ဦးဝှေ့တင်းကိုတော့ လုံခြုံရေးအရ ဆက်လက်ထိန်းသိမ်းထားမှာဖြစ်တယ်။ ဦးဝှေ့တင်းဟာ ရန်သူဗမာစစ်တပ်ဖက် ရပ်တည်ပြီး ဆောင်ရွက်ပေးနေတာရှိတယ်။ ထောက်လှမ်းရေးသတင်းအချက်အလက်ကို လုပ်ပေးတာရှိတယ်။ ကျွန်တော်တို့ကိုဂုဏ်သိက္ခာအရ၊ နိုင်ငံရေးအရ ကျွန်တော်တို့ကိုနောက်ကွယ်က လုပ်နေတာရှိတယ်။ ရခိုင်မျိုးနွယ်စုထဲမှာလည်း ဘာသာရေး၊ လူမျိုးရေးအရ သွေးထိုးလုပ်ဆောင်ခဲ့တာရှိတယ်” ဟုပြောသည်။

ဒီဇင်ဘာလ (၃) ရက်နေ့တွင် ဦးဝှေ့တင်းအဖမ်းခံရမှုမှာ တစ်လကြာမြင့်ပြီဖြစ်သည်။

ဦးဝှေ့တင်းအနေဖြင့် အပြစ်ရှိကြောင်း သက်သေအထောက်အထားများရရှိထားခြင်းကြောင့် ဆက်လက်ထိန်းထိမ်းရခြင်းဖြစ်ကြောင်း၊ သူနှင့်ပတ်သက်ပြီး ရပ်တည်ပေးသည့် မည်သည့်အဖွဲ့အစည်းကိုမဆို လက်ခံမည်မဟုတ်ကြောင်း ခိုင်သုခကပြောသည်။

ခိုင်သုခက “ ကျွန်တော်တို့သူ့ကိုလွှတ်ပေးရင် ဒေသခံတွေကြား ပြဿနာဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ သူ့ကို လုံခြုံရေးအရ စိတ်ချရတဲ့အထိ ကျွန်တော်တို့ဆက်ထိန်းသိမ်းမယ်။ နောက်တစ်ခုအနေနဲ့ သူနဲ့ပတ်သက်ပြီး သက်သေအထောက်အထားအခိုင်အမာရှိတယ်ဗျ။ ဒါကြောင့်မို့လို့ သူအပြစ်ရှိလို့ ထိန်းသိမ်းထားတာဖြစ်တယ်။ ဒီကာလမှာ ဘယ်ဘာသာရေး၊ အဖွဲ့အစည်းကရပ်တည်ပေးရင်တောင် လက်ခံမှာမဟုတ်ဘူး။ တကယ်လို့အဲဒီလူတွေက လွှတ်ပေးပါလို့ပြောနေရင် ဦးဝှေ့တင်းက နောက်တစ်ခုအခုလိုမျိုးအပြစ်မလုပ်တော့ပါဘူးလို့ ဘယ်သူကအာမခံမလဲ။ အဲလိုတာဝန်ယူပေးမယ့်သူရှိသလား။ အဲဒါကျွန်တော်တို့ဖက်က ပြန်မေးချင်တယ်။ အဲလိုတာဝန်ခံမယ့်သူရှိရင် ကျွန်တော်တို့နဲ့လာညှိနှိုင်းပေါ့” ဟုပြောသည်။

ခိုင်သုခ၏ ပြောဆိုမှုနှင့်ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့၏ Deputy Executive Director ဖြစ်သူ ဆလိုင်းဇအုပ်လိန်းက “ အခုသူ့ကိုဖမ်းထားတဲ့အပေါ် ဘယ်တော့လွှတ်မလဲဆိုတာမပြောပဲ သူ့ကိုအာမခံပေးမယ့် အဖွဲ့အစည်းရှိရင် ညှိနှိုင်းဖို့ပြောတာမျိုးက သူတို့တစ်ဖက်သတ်စွပ်စွဲတာမျိုးကိစ္စတွေက ကျွန်တော်တို့တာဝန်မဟုတ်ဘူးလေ။ ဦးဝှေ့တင်းကို ဒီလိုစွပ်စွဲပြီး ဖမ်းမယ်ဆိုရင် ဘာလို့ အရင်ကတည်းက သူ့တစ်ယောက်ထဲကိုပဲမဖမ်းတာလဲ။ သူတို့ဖမ်းလိုက်တဲ့အုပ်စုမှာ ဦးဝှေ့တင်းပါသွားလို့ အခုလိုစွပ်စွဲလာတာဖြစ်သလို သူတို့ဖမ်းထားတာမို့လို့ ပြန်လွှတ်ပေးဖို့လည်း သူတို့တာဝန်ပဲ” ဟုပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းမျိုးထိုက်က “ဒီကိစ္စအနေနဲ့ ဘာမှပြောစရာမရှိတော့ပါဘူး။ ဒေသခံအနေနဲ့ဖြစ်ဖြစ်၊ ကိုယ်စားလှယ်အနေနဲ့ဖြစ်ဖြစ် လွှတ်မြောက်လာဖို့ကိုပဲ တောင်းဆိုတာပဲလေ။ ဒီကိစ္စအပေါ် လွှတ်တော်ကနေကော၊ ပါတီဗဟိုကနေကော၊ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ ပြောဆိုတာလည်းရှိပြီးသားလေနော်။ ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်ပေးဖို့ပါပဲ” ဟုပြောသည်။

ခိုင်သုခမှ မိမိတို့ ချင်းတိုင်းရင်းသားညီအစ်ကို များကို ဒုက္ခပေးစရာ မည်သည့်အချိန်ကမှ စီစဉ်ဆောင်ရွက်ခြင်းမရှိခဲ့သလို ဗမာလူမျိုးများ၏ သွေးခွဲအုပ်ချုပ်မှုကြောင့်သာ လူမျိုးခြင်းအကြားပြသနာဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ချင်းညီအစ်ကိုများ အခက်ကြုံခြင်းကြောင့်သာ စေတနာအရင်းခံပြီး ကူညီပေးသည့်အပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့မှ မှားယွင်းသဘောထားထုတ်ပြန်ခြင်းဖြစ်ကြောင်းပြောကြားသည်။

အဆိုပါပြောဆိုချက်အပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့၏ Deputy Executive Director ဖြစ်သူ ဆလိုင်းဇအုပ်လိန်းက “ကျွန်တော်တို့ဖက်က ထုတ်ပြန်တာက အချက်အလက်နဲ့ဖြစ်တယ်။ တကယ်ပျောက်သွားတဲ့သူတွေအရေးဖြစ်တယ်။ ကျွန်တော်တို့ဖက်က စိတ်အားထက်သန်စွာလုပ်နေတာက ပျောက်သွားတဲ့သူတွေရဲ့လုံခြုံရေးကိစ္စဖြစ်တယ်။ အေအေပလက်ဝဖက်မှာလှုပ်ရှားလာတာ ၂၀၁၅ ကတည်းက ဖြစ်တယ်။ သူတို့ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို မှတ်တမ်းယူတာလည်းမနည်းတော့ဘူး။ မှတ်တမ်းလည်းအများကြီးပဲ။ ကျွန်တော်တို့တောင်းဆိုတာရှင်းတယ်။ ဖမ်းစီးတာတွေကို ပြန်လွှတ်ဖို့ နဲ့ ကျန်းကျန်းမာမာရှိဖို့ပဲ။ ကျွန်တော်တို့အနေနဲ့ အေအေကို သွားပြီး စွပ်စွဲတာမျိုးကျွန်တော်တို့အတွက် အကျိုးမရှိသလို လုပ်စရာအကြောင်းလည်းမရှိဘူး” ဟုပြောသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...