လားနွန် — မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေ ပြဌာန်းပြီးဖြစ်သော်လည်း ဥပဒေပါအတိုင်း လက်တွေ့အကောင်အထည်ဖော်ဆောင်ပိုင်းတွင်အားနည်းနေသေးသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ယခုထက်ပိုမိုဆောင်ရွက်ပေးရန်လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ တွင် ပြောဆိုလိုက်ကြသည်။
ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားကို “မသန်စွမ်းသူများ အတားအဆီးကင်းရေးမျှော်မှန်းလို့ မသန်စွမ်းလူ့အခွင့်အရေးဖော်ဆောင်စို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့၊ ကိုယ့်အားကိုယ်ကိုးမသန်စွမ်းအဖွဲ့များ၊ ကလေးခရိုင် လူမှုဝန်ထမ်းအဖွဲ့တို့ ပူးပေါင်း၍ ကလေးမြို့ မင်းကြီးဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ ဒါရိုက်တာ ကိုယောရှုက “အစိုးရအနေနဲ့လည်း မသန်စွမ်းဆိုင်ရာဥပဒေတွေရှိတယ် ဒီမသန်စွမ်းဥပဒေတွေကို အကောင်အထည်ဖော်စေချင်တယ်၊ ဌာနဆိုင်ရာအသီးသီးဝန်ထမ်းတွေကလည်း မသန်စွမ်းမှုနဲ့ဆိုင်တဲ့ အသိပညာပေးမှုလေးတွေကို ပြုလုပ်ပေးစေချင်တယ်၊ ဘာကြောင့်လည်းဆိုတော့ အစိုးရကတော့ မူဘောင်တွေတော့ရှိပါတယ် ဥပဒေတော့ရှိပါတယ် ဒါပေမဲ့လက်တွေ့မှာအကောင်အထည်ဖော်မယ့်သူက ဒီဌာနဆိုင်ရာဝန်ထမ်းတွေဖြစ်ကြတယ်ဆိုတော့ ဒါကြောင့် ဌာနဆိုင်ရာတွေကို အသိပညာပေးမှုတွေလုပ်ပေးလို့ရှိရင် ပိုပြီးတော့မှဌာနဆိုင်တွေမှာအဆင်ပြေလာမယ် မသန်စွမ်းသူတွေကိုအောက်ခြေကနေစပြီးတော့မှ ပါဝင်ခွင့်ရရှိလာမှာဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသည် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်တွင်လည်ကောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးနည်ဥပဒေများကို ၂၀၁၇ ခုနှစ်က ပြဌာန်းထုတ်ပြန်ခဲ့ ပြီးဖြစ်သည်။
သို့သော်လည်း အဆိုပါဥပဒေပါအတိုင်း လက်တွေ့အကောင်အထည်ဖော်ဆောင်မှုမှာ အလွန်အားနည်းနေ သေးပြီး အစိုးရအနေဖြင့် ပိုမိုဆောင်ရွက်ပေးရန် မသန်စွမ်းအဖွဲ့အစည်းများက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ကိုယောရှုက “တကယ်လို့များ ကျနော်တို့မသန်စွမ်းသူတွေကို အခွင့်အရေးပေးကြည့်ပါလား ကျနော်တို့မသန်စွမ်းသူတွေကိုနေရာပေးကြည့်ပါလား ကျနော်တို့မှာ အစွမ်းရှိတယ် ကျနော်တို့ကိုနေရာမှမပေးတာ ကျနော်တို့ပါဝင်လာနိုင်အောင်မှမဖိတ်ခေါ်တာ” ဟု ပြောသည်။
ကလေးတက္ကသိုလ်တွင် သမိုင်းမေဂျာဖြင့် ဒုတိယနှစ်တက်ရောက်နေသည့် ကိုယ်အင်္ဂါမသန်စွမ်းသူ မထူးထူးမွန်ကလည်း ကျောင်းဆောင်လှေကားအတက်အဆင်းသည် သူ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်စေသည်ဟု ပြောသည်။
“လှေကားပေါ်တက်တာပေါ့ ကျောင်းစရောက်တဲ့နေကပေါ့နော် ကျောင်းကြီးကိုကြည့်တဲ့အခါမှာ ဒီပေါ်ကိုဘယ်လိုစတက်မလဲ ကိုယ်ကလည်း အဲလိုမျိုးအမြင့်ကြီးကို တစ်ခါမှမတက်ဖူးဘူး ငါဒီပေါ်ကိုဘယ်လိုစတက်မလဲဆိုတာကိုအဓိကအခက်အခဲ အဲဒီမှာ ကိုယ့်ကိုကိုယ်ပေါ့နော် အော်ဒီပေါ်တက်နိုင်မှ ငါစာသင်နိုင်မှာ ကိုယ့်ကိုကိုယ်အားတင်းလိုက်တယ်ပေါ့ အဲချိန်မှာရအောင်တက်တယ် နောက်တော့ သူငယ်ချင်းတွေကဝိုင်းပြီးကြည့်တာပေါ့ သမီးလည်းနည်းနည်းပါးပါးတော့ရှုက်တာပေါ့နော် ဒါပေမဲ့နောက်ပိုင်းမှာတော့ သူငယ်ချင်းတွေနဲ့ရင်းနှီးမှုတွေရလာတော့ အဲဒီချိန်မှာ သူငယ်ချင်းတွေက ကိုယ်ပေါ်နားလည်းလာတယ် ကူညီပေးတယ် အဲချိန်မှာခွန်အားရှိတယ်ပေါ့နော် အခုဆိုရင်ပိုပြီးတော့ပျော်လာတယ်” ဟု မထူးထူးမွန်ကပြောသည်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းလူဦးရေ (၂၃) သိန်းကျော်ရှိပြီး မြန်မာနိုင်ငံလူဦးရေ၏ (၄.၆) ရာခိုင်နှုန်းရှိပြီး ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် မသန်စွမ်းလူဦးရေ ဒုတိယအများဆုံးပြည်နယ်ဖြစ်သည်။







