နန်ကျင်စီးပွားရေးဇုန်ကြောင့် မြေဧက ၂ထောင်နီးပါး မြေလွတ်မြေရိုင်းဥပဒေအရ မြေလျော်ကြေး ရမည်မဟုတ်ဟု ဆို

နန်ကျင်စီးပွားရေးဇုန်ကြောင့် မြေဧက ၂ထောင်နီးပါး မြေလွတ်မြေရိုင်းဥပဒေအရ မြေလျော်ကြေး ရမည်မဟုတ်ဟု ဆို
ဓာတ်ပုံ- စည်သူ(မြစ်ကြီးနား)
ဓာတ်ပုံ- စည်သူ(မြစ်ကြီးနား)

စည်သူ — မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် မြေယာ ပြဿနာများကို ၃ လအတွင်း အပြီးသတ် ဖြေရှင်းသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ မြစ်ကြီးနားမြို့ခရီးစဉ်အတွင်း နန်ကျင် စီးပွားရေးဇုန်စီမံကိန်းကို ကြည့်ရှုစစ်ဆေးရာတွင် ဘဏ္ဍာအခွန်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းနှင့် မြေစာရင်းဦးစီးဋ္ဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးသိန်းလွင်တို့မှ ဒုသမ္မတ၏မေးမြန်းမှုကို အထက်ပါအတိုင်း တင်ပြခဲ့ခြင်းဖြစ်သည်။

“ပြည်နယ်အစိုးရနဲ့ တင်ပြပြီးတော့၊ ကျွန်တော်တို့ နှစ်လ သုံးလလောက်တော့ အချိန်ယူရမယ့် အခြေအနေရှိပါတယ်”ဟု ပြည်နယ်ညွှန်ကြားရေးမှူး ဦးသိန်းလွင်မှ တင်ပြပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီးမှ စီမံကိန်းဧရိယာ လျာထားချက် ဧရိယာ ၄၇၀၀ မှ အမှန်တကယ် စိုက်ပျိုးခွင့်ပြုထားသည့် ဧကမှာ ၃၃၅၀ ဧက ရှိပြီး၊ ပယ်ဖျက်ထားသည့် ဧရိယာ ၁၁၅၀ ဧကရှိကြောင်း၊ ၎င်း ဧက ၄၇၀၀ အနက်မှ ၁၈၈၆ ဧကအား သီးနှံလျော်ကြေးအဖြစ်သာ ပေးအပ်သွားမည်ဖြစ်ပြီး၊ မြေလွတ်မြေရိုင်း ဥပဒေအရ မြေယာလျော်ကြေး ပေးအပ်သွားမည်မဟုတ်ကြောင်းလည်း တင်ပြခဲ့သည်။

“အမှန်တကယ်စိုက်ပျိုးတဲ့ မြေတွေကိုသာ သီးနှံလျော်ကြေးဆိုပြီး တွက်ချက်ပြီးပေးရမှာ ဖြစ်ပါတယ်။ မစိုက်ပျိုးတဲ့မြေတွေကို နိုင်ငံတော်က လုပ်ထုံးလုပ်နည်းနဲ့အညီ သိမ်းယူသွားမှာ ဖြစ်ပါတယ်”ဟု စီမံ/ဘဏ္ဍာ ဝန်ကြီးဦးဝေလင်းက ပြောသည်။

ပြည်နယ်အစိုးရ ခွင့်ပြုထားသည့် စိုက်ဧကများနှင့် ကျူးကျော် စိုက်ဧကများကို သီးနှံလျော်ကြေး ပေးအပ်ပြီးပြီဆိုပါက၊ မိမိတို့အနေဖြင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် မူဘောင် အသင့်ရှိနေပြီး ဖြစ်ကာ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းလည်း ဦးဝေလင်းက ထောက်ပြ ပြောဆိုသည်။

နန်ကျင်ဒေသက တောင်သူ ၁၁၉ ဦးရဲ့ မြေယာကိစ္စ လိုက်ပါ ဆောင်ရွက်ပေးနေသည့် ဝိုင်းမော်မြို့နယ်မှ တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်မှ တောင်သူများဘက်မှ ထိုက်သင့်လျော်ကြေးများ ရရှိနိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ပြောဆိုသည်။

“ပြည်နယ်အစိုးရဘက်ကနေ ဒီကိစ္စအတွက် တောင်သူတွေနဲ့ ဝင်ရောက်တိုင်ပင်တာလည်း မရှိဘူး။ ဒါကမြေယာလျော်ကြေးမပေးဘူးဆိုတာ မဖြစ်သင့်ဘူး။ ကျွန်တော်တို့ဘက်ကလည်း အဆင့်ဆင့် ဆက်ပြီးလုပ်ဆောင်သွားပြီးတော့ ဥပဒေအရ စကားပြောတာမျိုးတွေလည်း ရှိလာမယ်”ဟု ဦးဂဲနက်စ်က ပြောသည်။

မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန်သည် မြစ်ကြီးနားမြို့၏ အနောက်ဖက် ၈ မိုင်အကွာ လီဒိုလမ်းမကြီး အနီးတွင်တည်ရှိပြီး ယင်းစီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ကာ ရင်းနှီးမြှုပ်နှံမည့် ယူနန်-ထိန်ချုံးဟုန်ရင် ကုမ္ပဏီနှင့် ကချင်ပြည်နယ်အစိုးရတို့က နားလည်မှု စာချွန်လွှာ(MoU)ရေးထိုးခဲ့ပြီး ဖြစ်သည်။

Most read this week

December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...