၇၂ နှစ်ပြည့် ကချင်ပြည်နယ်နေ့ မနောင်ပွဲတော်ကြီးကို ၈ ရက်ကြာ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မနောင်ပွဲတော် ကျင်းပရေးကော်မတီအဖွဲ့မှ စီစဉ်လျက်ရှိနေကြောင်း သိရသည်။
မနောင်ပွဲတော်ကြီးအား ထိုသို့ ကျင်းပနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ကို စီမံချက်တင်ပြထားပြီး ဖြစ်ကြောင်းလည်း ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးလွမ်းဒေါင်က ပြောသည်။
စီမံချက်တွင် မနောင်ပွဲကို ဇန်နဝါရီ ၅ ရက်နေ့မှ ၁၂ ရက်နေ့ထိ ၈ ရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး ၅ ရက်နေ့မှ ၉ ရက်နေ့ကို ဈေးရောင်းပွဲတော်အဖြစ် လည်းကောင်း၊ ၁၀ ရက် နေ့မှ ၁၂ ရက်နေ့ကို မနောင်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“စီမံချက်တော့ အစိုးရကို တင်ထားတယ်၊ ဝန်ကြီးဌာနအားလုံးကို ဖြန့်ထားတယ်။ စီမံချက်တင်ထားတာ တစ်လလောက်တော့ရှိပြီ။ နယ်ကတော့ သူတို့ပါတယ် ကျွန်တော်တို့ ရိုးရာယဉ်ကျေးမှုကနေပြီးတော့ ဦးဆောင်ပြီး ကျင်းပမယ်။ မနှစ်ကတော့ ပြည်နယ်အစိုးရကနေ ဦးဆောင်ပြီးတော့ ကျင်းပတယ်”ဟု ဦးလွမ်းဒေါင်က ပြောသည်။
လက်ရှိအချိန်ထိ မနောင်ပွဲမပြုလုပ်ရန် တားမြစ်ခြင်းမျိုးမရှိသေးကြောင်းနှင့် ပြုလုပ်နိုင်ဖွယ် ရာခိုင်နှုန်းပိုမိုများကြောင်း တွဲဖက်အတွင်းရေးမှူး(၁) ဦးရယ်တန်ဝမ်ဆင်က ပြောသည်။
“လုပ်ဖို့အစီအစဉ်တော့ ရှိတယ်။ ရာခိုင်နှုန်းကတော့ အဲ့ဒီဘက်ကို တော်တော်များများတော့ သွားနေပြီ။ ဒီနှစ်တော့ ကြီးကျယ်မယ့်သဘောရှိတယ်။ သမ္မတကအစပါမယ်။ နိုင်ငံတော်အကြီးအကဲတွေ ဝန်ကြီးတွေအားလုံးပါမယ်၊ ဟိုဘက် မနောင်အားကစားကွင်း (Hkauna Pa)ကွင်းပါ ပါချင်ပါမယ်။ ကျွန်တော်တို့လည်း ကျေကျေလည်လည် အစည်းအဝေး မလုပ်ရသေးဘူး။ အစည်းအဝေး မလုပ်ရသေးတော့ ပြောလို့မရသေးဘူး”ဟု ဦးရယ်တန်ဝမ်ဆင်က ပြောသည်။
ထိုသို့ ကျင်းပနိုင်ရေးအတွင် ကချင်ပြည်နယ် အစိုးရကို ထောက်ပံ့ငွေ ကျပ်သိန်း ၂၅၀၀ ထောက်ပံ့ပေးရန် စီမံချက်တွေင် ထည့်သွင်းတင်ပြထားကြောင်းလည်း သိရသည်။
ထောက်ပံ့ငွေ ရရှိပါက မနောင်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး၊ ပံ့ပိုးငွေမရရှိပါကလည်း၊ အထိမ်းအမှတ်ပွဲအနေဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီမှ သိရသည်။







