ရခိုင်ပြည်နယ်တွင်း လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုကို ရင်ဆိုင်မည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ထောက်ခံမည့်ပွဲကို ချင်းပြည်နယ် NLD အနေဖြင့် ရပ်တည်ထောက်ခံပေးမည်မဟုတ်ပဲ ချင်းပြည်သူများအနေဖြင့်သာ ထောက်ခံပွဲပြုလုပ်ပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ် လွှတ်တော်ဥက္ကဌလည်းဖြစ် ချင်းပြည်နယ် NLD ပါတီဥက္ကဌဖြစ်သူ ဦးဇိုဘွေးကပြောသည်။
ဦး ဇိုဘွေးက “ကျွန်တော်တို့ ပါတီအနေနဲ့တော့ ရပ်တည်ပေးဖို့မရှိသေးဘူး၊ ပြည်သူကပဲ လုပ်ပေးရင်လုပ်ပေးလိုက်မယ်၊ ချင်းပြည်နယ် NLD အနေနဲ့တော့ ဒေါ်စုကို ရပ်တည်ပေးဖို့မရှိဘူး၊ ဒါမျိုးကတော့ နိူင်ငံကိုယ်စားသွားမယ် ဆိုတော့တစ်နိူင်ငံလုံးက ထောက်ခံရင် ပြည်သူကပဲလုပ်ပေးမယ်လေ” ဟု ပြောသည်။
ထောက်ခံပွဲပြုလုပ်မည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်မည်မဟုတ်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ကပြောသည်။
ချင်းပြည်နယ် ဝန်ကြီးချုပ် ဦး ဆလိုင်း လျန်လွယ်က “တစ်နေ့ကတော့ ကျွန်တော်တို့ ရပ်တည်ပေးဖို့တော့ ဆွေးနွေးထားတယ်၊ ပြည်နယ်အစိုးရ အနေဖြင့်တော့ မဟုတ်ဘူး၊ နိူင်ငံရေး ပါတီတွေပါမယ်၊ လူမှုရေးအဖွဲ့အစည်းလည်း ပါတယ်၊ ဒေါ်စုကို ထောက်ခံတဲ့ပွဲကို တစ်ရက်တော့ လုပ်မယ်။ အစိုးရ ဦးဆောင်တာ မဟုတ်ပဲ ပြည်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ အကုန်လုံး ပါဝင်ပြီး လုပ်ဆောင်ဖို့ရှိတယ်။ ချင်းပြည်နယ်အတွင်း ခရိုင်တစ်ချို့နေရာတွေမှာလည်း လုပ်ဖို့ရှိတယ်” ဟု ပြောသည်။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အတွင်းရေးမှုးဖြစ်သူက ထောက်ခံပွဲကို တရားမရင်ဆိုင်ခင် ဆောင်ရွက်ရမည့် ကိစ္စမဟုတ်ပဲ အမှန်တရားပေါ်ပေါက်ပြီးမှသာ ထောက်ခံခြင်း၊ မထောက်ခံခြင်းကို ဆောင်ရွက်သင့်သည်ဟုပြောသည်။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီအတွင်းရေးမူးဆလိုင်းကျဲအိုဘိခ်ထောင်းက “ကျွန်တေ်ာ့ အမြင်ကတော့ ICJ ဆိုတာက ကုလသမဂ္ဂ ကနေအမှန်တရားအတိုင်း စီရင်ဆုံးဖြတ် ဆောင်ရွက်မယ့် အစီအစဉ်ဖြစ်တော့ အခုက တရားလိုနဲ့ တရားခံ နှစ်ဖက် ကြားနှာပြီး တရားဆွဲတဲ့သူကလည်း ဘယ်လောက်ထိ အချက်လက် မှန်ကန်သလဲပေါ့၊ တပ်မတော်နဲ့ အစိုးရကလည်း ဘယ်လောက်ထိ ကျိုးလွန်သလဲ ဆိုတာသိရှိရမှာဖြစ်တယ်၊ အဲဒါပြီးမှ ဒီကိစ္စကို ထောက်ခံဖို့၊ ကန့်ကွက်ဖို့ ဆိုတာမျိုး လုပ်သင့်တယ်၊ အခုက အမှန်တရား မပေါ်ပေါက်ခင်မှာ ICJ ကလည်း စီရင်ဆုံးဖြတ်ချက် မချခင် ထောက်ခံခြင်း ကန့်ကွက်ခြင်းဆိုတာ နွားရှေ့ထွန်ကျူး ဆိုသလို ဖြစ်သွားတယ်၊ ကျွန်တော်တို့ ရပ်တည်ရမှာက အမှန်တရားပေါ် မှုတည်ပြီး ဖြစ်ရပ်မှန်ကို ရှာရမယ်၊ အဲဒါမှ ကျွန်တော်တို့လည်း စကားပြောဖြစ်မယ်” ဟု ပြောသည်။
ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် တပ်မတော်အနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဟုဆိုကာ OIC နိုင်ငံများအကိုယ်စား ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို အမှုဖွင့်ထားပြီး လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၂ နေ့အထိ နယ်သာလန်နိုင်ငံ The Hague မြို့တွင် ကြားနာသွားမည်ဖြစ်သည်။







