“ကျနော်တို့တောင်းဆိုထားတာတော့ စာချုပ်အသစ်ပြန်လုပ်ရမယ်။ ဘာဖြစ်လိုု့လဲဆို သူတို့ချုပ်ဆိုထားတဲ့ ၅ ချက်နဲ့ဆို ပြည်သူတွေ အရမ်းနစ်နာတယ်ပေါ့နော်။ တာဝန်ခံမှု၊ တာဝန်ယူမှုတွေကိုလည်း ချုပ်ဆိုထားတာ ပွင့်ပွင့်လင်းလင်း မရှိသေးဘူးပေါ့နော်”ဟု ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) မှ ဗဟိုကော်မတီဝင် ကိုဒီးဒီကပြောသည်။
၎င်းစာချုပ်ကို ချုပ်ဆိုရာတွင် ဒေသခံပြည်သူအားလုံးပါဝင်ဆွေးနွေးမှု မရှိသေးဘဲ ကုမ္မဏီနှင့် အုပ်ချုပ်ရေးမှူးတို့သာ ချုပ်ဆိုထားပြီး လူထုအတွက် အာမခံချက်ပေးနိုင်သည့် စာချုပ် မဟုတ်သည့်အတွက် UKSY က ကွင်းဆင်း လေ့လာပြုခဲ့ကြပြီးနောက် ကုမ္မဏီမှကိုယ်စားလှယ်နှင့် မေလ ၁၈ ရက်နေ့တွင် တွေ့ဆုံကာ စာချုပ်ကိစ္စ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထို လူထုနှင့် ကုန်သွယ်ပံ့ပိုးမှု မြန်မာ ကုမ္ပဏီလိမိတက်က ဧပြီလ ၃ ရက်နေ့တွင် ရေနီပေါက်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ရေနီပေါက်ကျေးရွာဒေသခံများနှင့် အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ ကျေးရွာတစ်ရွာတည်း၏ လူထုသဘောထားကို တောင်းခံခဲ့ကာ ဧပြီလ ၁၀ ရက်နေ့တွင် အပြန်အလှန် သဘောတူ ဂတိခံဝန်စာချုပ်ကို ချုပ်ဆိုခဲ့ကြသည်ဟု သိရသည်။
“ခုကျနော်တို့သဘောတူထားတယ်။ ဒါပေမယ့် ရွာနဲ့ဘယ်လောက်ဝေးရမယ်၊ သူတို့လုပ်လာမည့် သန့်စင်စက်ရုံက ထွက်လာမယ့် အခိုးအငွေ့ ပတ်ဝန်းကျင်နဲ့ ဆိုးကျိုးတွေကို ကျန်းမာရေးနဲ့ ပတ်သက်တဲ့ဟာတွေက သူတို့အာမခံပေးမယ်။ ဒါကြောင့် လက်ခံတယ်ဆိုတဲ့ သဘောပါ” ဟု ရေနီပေါက်ကျေးရွာမှ ဒေသခံ ဦးအောင်မြင့်က ပြောသည်။
၎င်းတို့ဒေသဘက်တွင် စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် အားလုံးပါဝင်ပြီး ပွင့်ပွင့်လင်းလင်း သတင်းအချက်အလက်များ ချပြရာတွင် အားနည်းခြင်းနှင့် ပွင့်လင်းမြင်သာမှု အားနည်းပြီး ပြည်နယ်အစိုးရ သဘောထားပေးချက်အရ လူထုများ သဘောတူလက်ခံခြင်းသာဖြစ်သည်ဟု ကိုဒီးဒီက ပြောသည်။
စာချုပ်အသစ်ထပ်မံချုပ်ဆိုရာတွင် အစိုးရဌာနမှ အကြီးအကဲများ၊ စီမံကိန်းပြုလုပ်မည့် ကုမ္မဏီ အဖွဲ့များ၊ ကျေးရွာမှ ဒေသခံလူထု များ၊ ရှေ့နေအဖွဲ့များ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ ပါဝင်ချုပ်ဆိုသည့် စာချုပ်ဖြစ်ရန် ပြုလုပ်သွားမည်ဟု သိရသည်။
အစိုးရနှင့် ကုမ္မဏီချုပ်ဆိုထားသည့် စာချုပ်ကိုလည်း အရပ်ဖက်အဖွဲ့အစည်းများကို ချပြရန် တောင်းဆိုသွားမည်ဖြစ်ပြီး မချပြပါက ကန့်ကွက်သွားမည်ဟု ကိုဒီးဒီက ပြောသည်။
ရေနီပေါက်ရွာသူ/သားများနှင့် ချုပ်ဆိုသည့်စာချုပ်ထဲတွင် ခနောက်စိမ်းသန့်စင်စက်ရုံမှ ထွက်လာသည့် အခိုးအငွ့၊ အညစ်အကြေးများသည် လူထုများအတွက် ကျန်းမာရေးနှင့်ပတ်သက်၍ ထိခိုက်မှုရှိခဲ့သော် ဆရာဝန်များနှင့် စစ်ဆေးခိုင်းပြီး တာဝန်ယူ အာမခံကုသပေးမည်ဟု စာချုပ်တွင်ပါရှိသည်ဟု သိရသည်။







