ဒေါနအရှေ့ခြမ်း၌ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ယန္တရားတစ်ခုပေါ်ပေါက်လာရေး CPPCR လုပ်ဆောင်သွားမည်

ဒေါနအရှေ့ခြမ်း၌ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ယန္တရားတစ်ခုပေါ်ပေါက်လာရေး CPPCR လုပ်ဆောင်သွားမည်

ကရင်ပြည်နယ် ဒေါန အရှေ့ခြမ်း၌ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုယန္တရားတစ်ခု ပေါ်ပေါက် လာရေး ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ကော်မတီ (CPPCR) အနေဖြင့်  နိုဝင်ဘာ ၂၉ ရက်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပြုလုပ်သည့် ၎င်းတို့၏ (၈)ကြိမ်မြောက်ညီလာခံအပြီးဆုံးဖြတ်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တွင် ကလေးအခွင့်အရေးကာကွယ်စောင့်ရှောက်မှု လုပ်ငန်းအဓိက လုပ်ဆောင်နေသည့် CPPCR အနေဖြင့် မြန်မာနယ်စပ်မြို့ မြဝတီမြို့မှစ၍ ဒေါနအရှေ့ခြမ်းဒေသများတွင် ကွန်ယက်များ တိုးချဲ့၍ ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း CPPCR၏ အထွေထွေအတွင်းရေးမှူး ဦးအောင်စိုးက ပြောသည်။

၎င်းက “ကျနော်တို့ ဒီဘက်(မဲဆောက်)မှာ ကလေးအမှုတွေ ဖြစ်လာရင် တက်ညီလက်ညီ ဝိုင်းကိုင်တွယ်ကြ တယ်။ တရာခံဖမ်းမိရေးတွေ လုပ်တယ်။ ဒါပေမဲ့ မြဝတီဘက်ခြမ်းမှာကျတော့ ကိုယ့်ဘာသာကို တစ်ဖွဲ့ချင်းတွေ လုပ်နေကြတာတော့ရှိတယ်။ ဒီလို အဖွဲ့တွေ စုပြီးတော့ Network လုပ်တာက မရှိသေးဘူူး။ ပညာပေးမှုတွေ ကလည်းအားနည်းသေးတယ်” ဟုကေအိုင်စီသို့ပြောသည်။

လက်ရှိ CPPCR သည် ထိုင်းနယ်စပ်ဘက်ခြမ်းတွင် လူမှုအဖွဲ့အစည်း၊ NGO အဖွဲ့စည်းပေါင်း ၁၇ ဖွဲ့ဖြင့် ကလေး အခွင့်အရေး ကာကွယ် စောင့်ရှောက်မှုလုပ်ငန်းများကို လုပ်ဆောင်နေပြီး ဒေါနအရှေ့ခြမ်းတွင် လုပ်ဆောင် သွားမည့် အစီအစဉ်တွင် ယူနီဆပ်(UNICEF) မြန်မာနှင့် PLAN International စသည့်အဖွဲ့တို့မှ လာရောက် ချိတ်ဆက်သည့် အစီအစဉ်ဖြစ်သည်ဟုလည်း ဦးအောင်စိုးက ဆက်ပြောသည်။

ထို့အပြင် ဒေါနအရှေ့ခြမ်းတွင် လုပ်ဆောင်သွားမည့် ၎င်းအစီအစဉ်ကို အသေးစိတ် အစီအစဉ်ချမှတ် ရသေးခြင်းမရှိသေးသော်လည်း အဓိက အားဖြင့် ဒေသခံများ၊ ဒေသခံ အာဏာပိုင်အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ နှင့် ချိတ်ဆက်၍ ပညာပေးလုပ်ငန်းများ၊ သင်တန်းပေးခြင်းလုပ်ငန်းများကို ကနဦးလုပ်ဆောင်သွားရမည်ဖြစ်သည်ဟု ဦးအောင်စိုးက ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံ၌ စစ်အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ၏ ကလေးသူငယ် ဥပဒေကို ရုပ်သိမ်း၍ ယနေ့ အရပ်သားအစိုးရလက်ထက်တွင် အခန်း (၃၀)ပါ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ယခုနှစ် ၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၂၃ရက် နေ့တွင် ပြည်ထောင်စု လွှတ်တော်မှ ပြန်လည်အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

အလားတူ မြန်မာနိုင်ငံ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ကလေး သူငယ်ကာကွယ်စောင့်ရှောက်သည့် လူမှုအသင်းအဖွဲ့များ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ ပညာရေးဌာနနှင့် အစိုး ရ မဟုတ်သည့် အဖွဲ့အစည်းများပူးပေါင်း၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ပညာပေးလုပ်ငန်း များ ကို လုပ်ဆောင်လာမှုရှိသော်လည်း ကလေးသူငယ်အခွင့်အရေး နှင့်ပတ်သက်၍ သိရှိသူ နည်းပါးသေးကြောင်း ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုပေးသူများက ဆိုသည်။

CPPCR ၏ ညီလာခံကို ၂ နှစ်တစ်ကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး ယမန်နေ့ပြုလုပ်သည့် အစီအစဉ်တွင် မြန်မာနှင့် ထိုင်း နိုင်ငံအတွင်းရှိ ကလေးအခွင့်အရေးဆိုင်ရာ ဥပဒေများအပေါ် ဆွေးနွေးခြင်း၊ အစီရင်ခံစာများကို တင်ပြ ဆွေးနွေးခြင်း၊ CPPCR၏ ဖွဲ့စည်းပုံများကို ပြန်လည် သုံးသပ်ခြင်းအပြင် ရှေ့လုပ်ငန်းစဉ် စီမံချက်များရေးဆွဲခြင်း၊ ကော်မတီ၏ ဦးဆောင်အဖွဲ့များကို ပြန်လည် ရွေးချယ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အခြေစိုက်သည့် ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော်မတီ CPPCR အဖွဲ့ကို နယ်စပ်အခြေစိုက် ကျန်းမာရေး၊ ကလေးအခွင့်အရေး၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများဖြင့် ၂၀၀၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကလေးအခွင့်အရေးကာကွယ်ရေးနှင့် မွေးစာရင်းများအတွက် လုပ်ဆောင်ပေးနေသည့်အဖွဲ့လည်း ဖြစ်သည်။

<><><>



ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပြုလုပ်သည့် ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ကော်မတီ (CPPCR) ၏ (၈)ကြိမ်မြောက်ညီလာခံ

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...