ပလက်ဝမြို့နယ်တွင် ရွာသားတစ်ဦး မြေမြုပ်မှိုင်းနင်းပြီးသေဆုံး

ပလက်ဝမြို့နယ်တွင် ရွာသားတစ်ဦး မြေမြုပ်မှိုင်းနင်းပြီးသေဆုံး

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ ဒိုးချောင်းဝရွာသားတစ်ဦးသည် တောထဲသို့ ဝါးခုတ်ပြီးအပြန်လမ်းတွင် မြေမြုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့သည်ဟု သိရသည်။

ဒိုးချောင်းဝရွာသား အသက် (၄၇)နှစ်အရွယ် ဦးဖိလိပသည် ပြီးခဲ့သည့်နိုဝင်ဘာလ (၂၂) ရက်နေ့က အိမ်ဆောက်ရန်အ တွက် တောထဲသို့ ဝါးခုတ်နေသည့်အချိန်တွင် တိုက်ပွဲကြောင့် ဒဏ်ရာရရှိသည့် တပ်သားတစ်ဦးအား ထမ်းကူရန် မြန်မာ့တပ်မတော်မှ အကူအညီတောင်းကာ ထမ်းကူနေစဉ် မြေမြုပ်မိုင်းနင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူနှင့်နီးစပ်သည့် မီးဇာကျေးရွာဒေသခံတစ်ဦးကပြောသည်။

“သူတို့က ဝါးခုတ်ဖို့သွားတာလေ။ တောထဲမှာ အဲဒီမှာသူတို့က တောထဲမှာအိပ်နေကြတာ။ သူတို့ အိမ်သုံးဖို့အတွက် ဝါးခုတ်တောထဲကိုသွားတာ။ သုံးလေးရက် ရိက္ခာပါပြီ။ သွားခုတ်တာလေ၊ သူတို့တောထဲမှာ သုံးလေးရက်နေပြီးမှ အဲမှာစစ်ကြောင်းတွေ့တော့မရှိဘူး။ အခြားမှာရှိပြီးမှ မြန်မာစစ်သားတွေက လာအကူအညီခေါ်တာပေါ့။ သူတို့လူနာဒဏ်ရာရလို့ သယ်ဖို့အတွက် အကူအညီခေါ်တယ်။ အသွားတော့ မမိဘူးပေါ့၊ အပြန်ကျမှပဲ မိုင်းနင်းမိတာ” ဟု မီးဇာကျေးရွာဒေသခံကပြောသည်။

ဦးဖိလိပသည် အုပ်းသီးဝအုပ်စု၊ ပေါက်တူဝနှင့် ပုန်ညင်ဝရွာအကြားတွင် မြေမြုပ်မိုင်း နင်းမိခြင်းဖြစ်ပြီး ခြေထောက်တဖက်ပြတ်ကာ လမ်းခရီးတွင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

သေဆုံးသွားသည့် ဦးဖိလိပတွင် သားသမီးနှစ်ယောက်ကျန်ရစ်ခဲ့သည်။

ဒိုးချောင်းဝရွာသည် မီးဇာကျေးရွာမှ (၁၈) မိုင်ခန့်ကွာဝေပြီး စက်လှေဖြင့် တစ်ရက်ခရီးသွားရသည်။

ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “အဲဒီဟာတွေကတော့ ထိခိုက်ဒဏ်ရာရရင်တော့ ဒေသအာဏပိုင် မြို့နယ်အဆင့်ကနေလိုအပ်တာများကို ကူညီမှာ။ နောက်ပြီးတော့ ပြည်နယ်အစိုးရအနေနဲ့ဆိုရင် လူမှုဝန်ကြီးဌာနကယ်ဆယ်ရေးထိခိုက်ဒဏ်ရတာမျိုးဆိုရင် ကူညီပေးတာရှိပါတယ် ။ သူတို့သတ်မှတ်နှုန်းနဲ့ ဦးပေါင်လွန်မင်ထန် လူမှုဝန်ကြီးဌာနကနေ လုပ်ပါလိုက်မယ်” ဟု ဝန်ကြီးကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများသည် မြေစာပင်ဘဝသို့ ကျရောက်နေရကြောင်း အမြန်ဆုံးအပစ်ခတ်ရပ်စဲရေးလုပ်ဆောင်ကြရန်လိုအပ်သည်ဟု ဝန်ကြီးဦးစိုးထက်ကဆက်ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားသည့်ဒေသဖြစ်သည်။ ယခင်ကလည်း ပလက်ဝမြို့နယ်ဒေသခံပြည်သူများသည် တောင်ယာသွားသည့်အခါမျိူးတွင် ယင်းသို့ သေဆုံးမှုဖြစ်ပွားလေ့ရှိသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...