ပလက်ဝမြို့နယ်တွင် ရွာသားတစ်ဦး မြေမြုပ်မှိုင်းနင်းပြီးသေဆုံး

ပလက်ဝမြို့နယ်တွင် ရွာသားတစ်ဦး မြေမြုပ်မှိုင်းနင်းပြီးသေဆုံး

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ ဒိုးချောင်းဝရွာသားတစ်ဦးသည် တောထဲသို့ ဝါးခုတ်ပြီးအပြန်လမ်းတွင် မြေမြုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့သည်ဟု သိရသည်။

ဒိုးချောင်းဝရွာသား အသက် (၄၇)နှစ်အရွယ် ဦးဖိလိပသည် ပြီးခဲ့သည့်နိုဝင်ဘာလ (၂၂) ရက်နေ့က အိမ်ဆောက်ရန်အ တွက် တောထဲသို့ ဝါးခုတ်နေသည့်အချိန်တွင် တိုက်ပွဲကြောင့် ဒဏ်ရာရရှိသည့် တပ်သားတစ်ဦးအား ထမ်းကူရန် မြန်မာ့တပ်မတော်မှ အကူအညီတောင်းကာ ထမ်းကူနေစဉ် မြေမြုပ်မိုင်းနင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူနှင့်နီးစပ်သည့် မီးဇာကျေးရွာဒေသခံတစ်ဦးကပြောသည်။

“သူတို့က ဝါးခုတ်ဖို့သွားတာလေ။ တောထဲမှာ အဲဒီမှာသူတို့က တောထဲမှာအိပ်နေကြတာ။ သူတို့ အိမ်သုံးဖို့အတွက် ဝါးခုတ်တောထဲကိုသွားတာ။ သုံးလေးရက် ရိက္ခာပါပြီ။ သွားခုတ်တာလေ၊ သူတို့တောထဲမှာ သုံးလေးရက်နေပြီးမှ အဲမှာစစ်ကြောင်းတွေ့တော့မရှိဘူး။ အခြားမှာရှိပြီးမှ မြန်မာစစ်သားတွေက လာအကူအညီခေါ်တာပေါ့။ သူတို့လူနာဒဏ်ရာရလို့ သယ်ဖို့အတွက် အကူအညီခေါ်တယ်။ အသွားတော့ မမိဘူးပေါ့၊ အပြန်ကျမှပဲ မိုင်းနင်းမိတာ” ဟု မီးဇာကျေးရွာဒေသခံကပြောသည်။

ဦးဖိလိပသည် အုပ်းသီးဝအုပ်စု၊ ပေါက်တူဝနှင့် ပုန်ညင်ဝရွာအကြားတွင် မြေမြုပ်မိုင်း နင်းမိခြင်းဖြစ်ပြီး ခြေထောက်တဖက်ပြတ်ကာ လမ်းခရီးတွင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

သေဆုံးသွားသည့် ဦးဖိလိပတွင် သားသမီးနှစ်ယောက်ကျန်ရစ်ခဲ့သည်။

ဒိုးချောင်းဝရွာသည် မီးဇာကျေးရွာမှ (၁၈) မိုင်ခန့်ကွာဝေပြီး စက်လှေဖြင့် တစ်ရက်ခရီးသွားရသည်။

ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “အဲဒီဟာတွေကတော့ ထိခိုက်ဒဏ်ရာရရင်တော့ ဒေသအာဏပိုင် မြို့နယ်အဆင့်ကနေလိုအပ်တာများကို ကူညီမှာ။ နောက်ပြီးတော့ ပြည်နယ်အစိုးရအနေနဲ့ဆိုရင် လူမှုဝန်ကြီးဌာနကယ်ဆယ်ရေးထိခိုက်ဒဏ်ရတာမျိုးဆိုရင် ကူညီပေးတာရှိပါတယ် ။ သူတို့သတ်မှတ်နှုန်းနဲ့ ဦးပေါင်လွန်မင်ထန် လူမှုဝန်ကြီးဌာနကနေ လုပ်ပါလိုက်မယ်” ဟု ဝန်ကြီးကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများသည် မြေစာပင်ဘဝသို့ ကျရောက်နေရကြောင်း အမြန်ဆုံးအပစ်ခတ်ရပ်စဲရေးလုပ်ဆောင်ကြရန်လိုအပ်သည်ဟု ဝန်ကြီးဦးစိုးထက်ကဆက်ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားသည့်ဒေသဖြစ်သည်။ ယခင်ကလည်း ပလက်ဝမြို့နယ်ဒေသခံပြည်သူများသည် တောင်ယာသွားသည့်အခါမျိူးတွင် ယင်းသို့ သေဆုံးမှုဖြစ်ပွားလေ့ရှိသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...