မတူပီမှ လူငယ်ခြောက်ဦး ထောင်ဒဏ် ၄နှစ်ခွဲစီချခံရသည့်အမှု ပြည်နယ်အဆင့်တွင် အယူခံပြန်ဝင်မည်

မတူပီမှ လူငယ်ခြောက်ဦး ထောင်ဒဏ် ၄နှစ်ခွဲစီချခံရသည့်အမှု ပြည်နယ်အဆင့်တွင် အယူခံပြန်ဝင်မည်

၂၀၁၉ ဖေဖော်ဝါရီလ ၂၀ ရက် မတူပီမြို့တွင်ကျင်းပခဲ့သည့် ချင်းအမျိုးသားနေ့တွင် ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်မှုတွင် ပါဝင်သည်ဟု ယူဆရသူ လူငယ် ၆ ဦးအား ထောင်ဒဏ် ၄နှစ်ခွဲစီ ချမှတ်ခဲ့သည့် အမှုအား ပြည်နယ်အဆင့်တွင် အယူခံပြန်ဝင်မည်ဟု အဆိုပါ အမှုကိုတာဝန်ယူပေးသူ တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ခ်မှပြောသည်။

“အမှုခင်းအနေအထားက ကလေးတစ်ချို့က အမှုအခင်းဖြစ်တဲ့ချိန်မှာ မပါဘူးပေါ့ဗျာ၊ အဲဒါကြောင့် တစ်ချို့ကလေးတွေက လွတ်သင့်တယ်၊ တစ်ချို့ကလေးတွေပါတာ ရှိကောင်းရှိနိုင်တယ်၊ ဒါပေမယ့် ပစ်ဒဏ်ချမှတ်တာ ကြီးလေးတယ်ပေါ့၊ အခုက သက်သာအောင်ပြင်ဆင်ပေးဖို့ အယူခံတက်တာပေ့ါလေ၊ ဒါကတော့ ပြည်နယ်တရားရုံးကနေ ပြန်သုံးသပ်တာပေါ့၊ အခုချိန်မှာတော့ တရားရုံးမှာ ရှိနေသေးတဲ့အတွက် ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ပြောလို့မရသေးပါဘူး”ဟု တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ခ်မှ ပြောသည်။

အဆိုပါအမှုကို ပြည်နယ်တရားရုံးတွင် အယူခံပြန်ယူနိုင်ရန် တင်ပြထားသည့်အပေါ် အမှုကိုလက်ခံလိုက်ပြီဖြစ်ပြီး ဒီဇင်ဘာ ၁၃ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားကြောင်း ဦးငိုင်ဆာ့ခ်မှပြောသည်။

အခင်းဖြစ်စဉ်မှာ မတူပီမြို့ ဗိုလ်တိုက်ချွန်းခန်းတွင်ကျင်းပခဲ့သည့် (၇၁)နှစ်မြောက်ချင်းအမျိုးသားနေ့ အခန်းအနားအတွင်း ပြည်သူတစ်ချို့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ ရုံးရင်းဆန်ခတ် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပြည်သူပိုင် ပစ္စည်းအချို့ပျက်စီးသွားခဲ့ခြင်းကြောင့် လူငယ် ၆ဦးအား သံသယဖြစ်တရားခံဟုဆိုကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထောင်ဒဏ်ချမှတ်ခံရသည့်ထဲတွင်ပါဝင်သူ မောင်ထက်နိုင်လင်း၏မိခင်ဖြစ်သူမှ “ရှေ့နေ ဦးငိုင်ဆာ့ခ်က ပြည်နယ်မှာ အယူခံဖို့လုပ်ပေးနေတယ်၊ တစ်ကယ်လို့ ပြည်နယ်မှာ အယူခံလို့ ရှုံးခဲ့လို့ရှိရင်လည်း ပြည်ထောင်စုထိတက်သွားဖို့ရှိပါတယ်၊ အန်တီ့သားက အဲဒီအခင်းဖြစ်စဉ်မှာ မပါတဲ့သူဖြစ်တဲ့အတွက် အမြန်ဆုံးလွတ်စေချင်ပါတယ်” ဟုပြောသည်။

အဆိုပါဖြစ်ရပ်ကြောင့် ဖမ်းဆီးခံရသည့် လူငယ်များမှာ မတူပီမြို့မှ ကိုအာဘောင်း (၂၃နှစ်)၊ ကိုဆောမ့်ထန် (၁၉နှစ်)၊ ကိုထန်ထဲန် (၂၅နှစ်) တတိယနှစ် (သမိုင်း) ၊ ကိုဗျက်ထန် (၂၃)၊ ကိုထက်နိုင်ဦး (၁၉နှစ်) ပထမနှစ် (သမိုင်း) နှင့် ကိုရိန်ဆန်းလျန် (၂၁နှစ်)တို့ (၆) ဦးဖြစ်ပီး အောက်တိုဘာ ၁ဝရက်နေ့တွင် မတူပီတရားရုံးမှ ထောင်ဒဏ်လေးနှစ်ခွဲစီကျခံရန် အမိန့်ချမှတ်ခဲ့သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...