Salai C.Lian — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း နိုဝင်ဘာလ (၉) ကနေ့ မြို့နယ်ထွေ/အုပ်မှ “ညမထွက်” အမိန့်ထုတ်ပြန်မှုကြောင့် ဒေသခံပြည်သူများ ဝတ်ပြုစည်းဝေးပြုလုပ်ရာတွင် အခက်ကြုံနေရကြောင်း သိရသည်။
ပလက်ဝမြို့နယ် ဒေသခံ ဆလိုင်း အိုက်စောက “ညနေ ၆ နာရီကနေ မနက် ၆ နာရီထိ ဘယ်သူမှ အပြင်ထွက်လို့ မရဘူး၊ အမိန့်ထုတ်ထားတယ်၊ အခုကျွန်တော်တို့ နေတဲ့နေရာမှာကတော့ စစ်တိုက်တာတို့တော့ မရှိဘူး၊ အခုလိုအမိန့်ထုတ်လိုက်တော့ အသင်းတော်ပဲ ဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းတို့ ကျွန်တော်တို့ အလွယ်တကူသွားလို့ မရဘူး ဖြစ်နေတယ်၊ သာသနာဘောင်အတွင်းကို ၆ နာရီနောက်ပိုင်း ဘယ်သူမှ သွားလို့မရဘူး” ဟု ပြောသည်။
သူကဆက်ပြီး “ဒီလိုအမိန့်ထုတ်လိုက်တော့ ပြည်သူတွေကတော့ အခက်ကြုံနေရတာပေါ့၊ ဒါကိုလည်း ဒေသခံတစ်ယောက်အနေနဲ့ ပြောချင်တယ်၊ CNF ကလည်း ဒါကိုမသိဘူးလား မသိဘူး၊ ကိုယ့်ဒေသမှာ ဖြစ်ပျက်နေတဲ့ဟာကို သူတို့ပါဝင်ပြီး ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ ယူဆတယ်” ဟု ပြောသည်။
ခရစ်ယာန်ဘာသာဝင်များသည် တနင်္ဂနွေမဟုတ်သည့် နေ့များတွင် အသင်းတော် (သို့) ရပ်ကွက်နေ ခရစ်ယာန်ဘာသာဝင်များမှ အိမ်တိုင်ရာရောက်ဆုတောင်းပေးခြင်း၊ ဘုရားကျောင်းတွင် အတူဝတ်ပြုခြင်း၊ လူငယ်ဝတ်ပြုအစီအစဉ် စသည့် ဝတ်ပြုမှုများကို ညပိုင်းတွင် ပြုလုပ်လေ့ရှိကြသည်။
ညမထွက်ရ အမိန့်ထုတ်ပြန်ချက်တွင် ပလက်ဝမြို့နယ်အတွင်းရှိ လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနှင့် က်ဆိုင်သော အဆောက်အဦးနေရာများတွင် ဆူပူလှုံ့ဆောင်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်လိုသည့် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူ (၅) ဦး သို့မဟုတ် (၅) ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုတ်ရင်းဆန်ခတ်ပြုခြင်းတို့ကိုလည်း မပြုလုပ်ရန် အမိန့်စာတွင် ပါရှိသည်။
ယခုကဲ့သို့ ညမထွက်ရ အမိန့်ထုတ်ပြန်ရခြင်းမှာ ပလက်ဝမြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများမှ မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း သာမန်အရပ်သားပြည်သူ အယောင်ဆောင်ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများအား အကြမ်းဖက် တိုက်ခိုက်မှု၊ ခေါ်ဆောင်မှုများဆောင်ရွက်ခဲ့ခြင်း၊ ထိတွေ့တိုက်ပွဲဖြစ်စဉ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူအချို့သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့ခြင်း များဖြစ်ပေါ်နေသည့်အတွက် လွတ်လပ်စွာ သွားလာခွင့် ဆက်လက်ပြုပါက အကြမ်းဖက်မှု ပိုမိုထိရောက်စွာ ဆောင်ရွက်လာဖွယ်ရှိသဖြင့် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အများပြည်သူ လိုက်နာကျင့်သုံးနိုင်ရန်အတွက် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပါရှိသည်။
Published
Saturday, November 16, 2019
ပလက်ဝမြို့နယ်အတွင်း “ညမထွက်” အမိန့်ထုတ်ပြန်မှုကြောင့် ဘာသာရေးဝတ်ပြုရာတွင် အခက်ကြုံ







