ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့က ဖမ်းဆီးထားသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ်ပေးရန် ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်း (၄၀) ကျော်က ယနေ့တောင်းဆိုလိုက်သည်။
AA တပ်ဖွဲ့အနေဖြင့် ဦးဝှေ့တင်းကို တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် ဖမ်းဆီးအဆက်အသွယ်ဖြတ်ထားသည်မှာ ယနေ့ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ၉ ရက်မြောက်ရှိနေပြီဖြစ်ကြောင်း ဦးဝှေ့တင်း၏ ကျန်းမာရေးနှင့် ရုပ်ပိုင်းဆိုင်ရာအခြေအနေ များအတွက် များစွာစိုးရိမ်မကင်းဖြစ်ကြရပြီး အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုသည်ဟု ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်း (၄၃) ဖွဲ့က ယနေ့နေ့စွဲဖြင့်ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ခူမီးချင်းမျိူးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှ ညှိနှိုင်းရေးမှူး အိုက်စောမြက “AA တပ်ဖွဲ့အနေနဲ့ ဦးဝှေ့တင်းကို ဖမ်းဆီးတာဟာ သူ့ရဲ့မဲဆန္ဒနယ်မှာရှိတဲ့ လူထုတရပ်လုံးကို စော်ကားလိုက်သလိုဘဲ လူထုရွေးကောက်တင်မြောက်ထားတဲ့ကိုယ်စားလှယ်ကို ဖမ်းတယ်ဆိုတာက ဒေသခံမဲဆန္ဒရှင်တွေကို စော်ကားလိုက်သလိုဘဲ ပြောမယ်ဆိုရင် အချူပ်အခြာအာဏာကိုပါ ထိပါးလိုက်သလိုဘဲ AA တပ်ဖွဲ့အနေနဲ့ တကယ်မလုပ်သင့်တဲ့အထဲမှာပါတယ်’’ ဟု ပြောသည်။
AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ လူ့ဂုဏ်သိက္ခာပြည့်ဝစွာ ဆက်ဆံရန် နှင့် ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း ခိုင်လုံသည့်သက်သေအထောက်အထားများဖြင့် ဦးဝှေ့တင်း၏ မိသားစုဝင်များနှင့် အများပြည်သူအား ပွင့်လင်းစွာ အသိပေးချပြရန် အချိန်တန်နေပြီဟု ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ကြေညာချက်တွင်ဖော်ပြထားသည်။
ထို့အပြင် မည်သည့်အကြောင်းပြချက်ဖြင့် ဖြစ်စေ အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားကာ အကြမ်းဖက်မှုများ ကျူးလွန်၍ မရကြောင်းနှင့် ယင်းသို့ ကျူးလွန်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများအရ ရာဇဝတ်မှုမြောက်နိုင်ကြောင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်ခြင်းသည် ချင်းပြည်သူများနှင့် AA လက်နက်ကိုင်အဖွဲ့တို့ကြား ဆက်ဆံရေးတင်းမာလာစေမည့်အပြင် AA လက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်များကို အကြမ်းဖက်လုပ် ရပ်များအဖြစ် ပြည်သူများမှ မှတ်ယူ သွားစေနိုင်ပါသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် ကုလားတန် စီမံကိန်း (ပလက်ဝ-ဇိုရမ်ပွီလမ်းပိုင်း) မှ အိန္ဒိယနိုင်ငံသားဝန်ထမ်း (၅) ဦး၊ စကားပြန် (၂) ဦး၊ စပိဘုတ်မောင်းသူ (၂) ဦးတို့သည် စပိဘုတ်နှစ်စီးဖြင့် ပလက်ဝမှ ကျောက်တော်သို့ ထွက်ခွာလာရာတွင် နိုဝင်ဘာလ ၃ ရက်နေ့က အေအေ တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ၁၀ ယောက်ထဲမှ ၉ ယောက်ကို AA တပ်ဖွဲ့ပြန်လွှတ်ပေးခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုမူ ယနေ့ချိန်ထိ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။
ဦးဝှေ့တင်းအား ယနေ့ချိန်ထိ ဆက်လက်ဖမ်းဆီးရသည့်ကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်မတော်(AA) တပ်ဖွဲ့က နိုဝင်ဘာလ (၁၀) ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်တွင် AA တပ်ဖွဲ့ကို နိုင်ငံတကာတွင် ဂုဏ်သိက္ခာကျဆင်းစေရန်၊ စစ်ရေးနိုင်ငံရေးအကျပ်အတည်းများဖြစ်ပေါ်စေရန် Social Media ပေါ်မှာ မဟုတ်မမှန်လုပ်ကြံရေးသားခြင်း၊ မြန်မာစစ်တပ်၏ဝါဒဖြန့်အရေးအသားများကို ထပ်ဆင့်ဖြန့်ဝေခြင်း၊ မြန်မာ့တပ်မတော်၏ ပလက်ဝမြို့နယ်အတွင် စစ်ရာဇဝတ်မှုကျူးလွန်ထားခြင်းများကို ဖုံးဖိထားရုံမက ၎င်းအပြစ်များကို မိမိတို့အဖွဲ့အစည်းအပေါ် အပြစ်ပုံချရန် ကြိုးစားလုပ်ဆောင်ခြင်း၊ ရက္ခိုင့်တပ်မတော်ဆန့်ကျင်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေခြင်း စသည်များကို အဓိကလုပ်ဆောင်နေကြသော သူများထဲတွင် ဦးဝှေ့တင်းလည်း တစ်ဦးအပါအဝင်ဖြစ်ပြီး အခြားသူများလည်းပါဝင်ပတ်သက်နေသည်ဟု ဖော်ပြထားသည်။
ထို့အပြင် ရက္ခိုင့်တပ်မတော်၏ စစ်ရေးကဏ္ဍများကို အနှောက်အယှက်ပြုရန်ကြိုးစားခြင်း၊ ပလက်ဝအတွင်းရှိ ရခိုင်လူမျိူးများအား ရက္ခိုင့်တပ်မတော်နှင့်ဆက်စပ်ပတ်သက်နေသည်ဟူသောတိုင်တန်းချက်မျိူဖြင့် အခက်ကြုံအောင်ပြုလုပ်နေခြင်း၊ မြန်မာစစ်တပ်၏ လက်ကိုင်တုပ်အဖြစ်လုပ်ဆောင်နေခြင်း စသည်တို့ကို ဦးဝှေ့တင်းအနေဖြင့် လုပ်ဆောင်နေသောကြောင့် ယခုကဲ့သို့ဖမ်းဆီးရခြင်းဖြစ်သည်ဟု AA တပ်ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“ လက်ဆုပ်လက်ကိုင်ပြနိုငသော သက်သေအချိူ့ကိုလည်း ဦးဝှေ့တင်းထံမှ မိမိတို့ရရှိထားပြီးဖြစ်သည်။ ယခုကဲ့သို့သော လုပ်ရပ်မျိူးကို ဆက်လက်လုပ်ဆောင်နေသော မည်သူ့ကိုမဆို မိမိတို့အနေဖြင့် တော်လှန်ရေးကာလ၏ အခြေအနေလိုအပ်ချက်အရ လုပ်သင့်လိုက်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်’’ ဟု AA တပ်ဖွဲ့က ၎င်းတို့ကြေညာချက်တွင် သတိပေးရေးသားဖော်ပြထားသည်။







