ပလက်ဝမြို့နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်

ပလက်ဝမြို့နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့တို့ စစ်မက်ဖြစ်ပွားရာဒေသ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် နိုဝင်ဘာလ (၉) ရက်နေ့ကစ၍ ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကို မြို့နယ်အုပ်ချူပ်ရေးမှူးက ထုတ်ပြန်လိုက်သည်။

ပလက်ဝမြို့နယ်တွင် အကြမ်းဖက်သောင်းကြမ်းသူများမှ မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း သာမန်အရပ်သားပြည်သူ အယောင်ဆောင်ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှု/ခေါ်ဆောင်မှုများဆောင်ရွက်ခြင်း၊ ထိတွေ့တိုက်ပွဲဖြစ်စဉ်အချိူ့တွင် အပြစ်မဲ့အရပ်သားပြည်သူ အချိူ့ သေဆုံး/ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ညအချိန် လွတ်လပ်စွာဆက်လက်သွားလာခွင့်ပြုပါက အကြမ်း ဖက်မှုများပိုမိုထိရောက်စွာ ဆောင်ရွက်လာဖွယ်ရှိသဖြင့် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ကို နိုဝင်ဘာလ ၉ ရက်နေ့စွဲဖြင့် ပလက်ဝမြို့နယ်အုပ်ချူပ်ရေး ဦးကိုးအောင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းအမိန့်ထုတ်ပြန်ချက်တွင် ပလက်ဝမြို့နယ်အတွင်း မည်သူမဆို ည (၆) နာရီမှ နံနက်(၆)နာရီအတွင်း အမိန့်တစ်စုံတရာမရှိဘဲ လုံခြုံရေးတာဝန်ရှိသူမှအပ သွားလာလှုပ်ရှားခြင်းမပြုကြောင်း ပလက်ဝမြို့နယ်အတွင်းရှိ လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား အများပြည်သူနှင့်သက်ဆိုင်သော အဆောက်အဦးနေရာများတွင် ဆူပူလှုံ့ဆောင်လိုသောရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်လိုသောရည်ရွယ်ချက်ဖြင့်ဖြစ်စေ လူ (၅) ဦးသို့မဟုတ် (၅) ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ကြွေးကြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်းတို့ကို မပြုလုပ်ရန် အကယ်၍ အဆိုပါတားမြစ်ချက်များကို ကျူးလွန်ဖောက်ဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု ပါရှိသည်။

ယခုထုတ်ပြန်သည့် ညမထွက်ရအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ (၂) လအထိ အသက်ဝင်မည်ဖြစ်သည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့တို့ စစ်မက်ဖြစ်ပွားရာဒေသဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ (၃) ရက်နေ့က ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် ကုလားတန် စီမံကိန်း (ပလက်ဝ-ဇိုရမ်ပွီလမ်းပိုင်း) မှ အိန္ဒိယနိုင်ငံသားဝန်ထမ်း (၅) ဦး၊ စကားပြန် (၂) ဦး၊ စပိဘုတ်မောင်းသူ (၂) ဦးစုစုပေါင်း (၁၀) ဦးကို အေအေတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။

ထို့နောက် နိုဝင်ဘာလ ၄ ရက်နေ့တွင် အဖမ်းခံရသူများထဲမှ (၉) ဦးကိုပြန်လွှတ်ပေးပြီး လွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းကို တပ်မတော်ပူးပေါင်းပြီး အေအေတပ်ဖွဲ့၏ သတင်းအချက်လက်များကို စုံစမ်းဖော်ထုတ်ရန်ကြိုးပမ်းသည်ဆိုသည့်စွပ်စွဲချက်ဖြင့် ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...