ပလက်ဝမြို့နယ်တွင် ပညာရေးဝန်ထမ်းတစ်ဦးအား အမည်မသိလူတစ်စုမှ ဖမ်းခေါ်သွား

ပလက်ဝမြို့နယ်တွင် ပညာရေးဝန်ထမ်းတစ်ဦးအား အမည်မသိလူတစ်စုမှ ဖမ်းခေါ်သွား

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်သဲမဝကျေးရွာအုပ်စု၊ ပွီဝုန်းကျေးရွာနေ ပညာရေးအထွေထွေဝန်ထမ်း ဦးတောင်ပန်းအား အမည်မသိလူတစ်စုမှ အောက်တိုဘာလ ၂၇ ရက်ည ၉ နာရီခန့်တွင် ၎င်း၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ချိန်ထိ မည်သည့်သတင်းအစအနမှမကြားရသေးကြောင်း မိသားစုဝင်များထံမှသိရသည်။

ပလက်ဝမြို့မှ (၁၀) ခန့်ဝေးသော ပွီဝုန်းကျေးရွာတွင် ဦးတောင်ပန်းတို့မိသားစုသည် ထမင်းဆိုင်ဖွင့်လှစ်နေထိုင်ကြပြီး အောက်တိုဘာလ (၂၇) ရက်၊ ည (၉) နာရီခန့်တွင် အရပ်ဝတ်ဖြင့်လူ (၆) ဦးခန့် ၎င်းတို့နေအိမ်သို့ရောက်ရှိလာကာ စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဦးတောင်ပန်း၏ သမီးကပြောသည်။

“သူတို့ကဘယ်သူတွေလည်းတော့မသိဘူး၊ ရခိုင်စကားတော့ပြောကြတယ်၊ အဖေ့ကို စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာ ခုချိန်ထိဘာသတင်းမှမကြားရသေးဘူး၊ တစ်ခုခုဖြစ်သွားမှာကို ကျမတို့အရမ်းစိုးရိမ်တယ်’’ ဟု ဦးတောင်ပန်း၏သမီးကပြောသည်။

ဦးတောင်ပန်း၏ မိသားစုဝင်များသည် ကြောက်လန့်သည့်အတွက် ပွီဝုန်းကျေးရွာမှ ပလက်ဝမြို့ပေါ်ရှိ ဆွေးမျိူးများထံသို့ သွားရောက်ပြောင်းရွှေ့နေထိုင်ကြသည်ဟု သိရသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တို့ တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တွင် ဒေသခံရွာသားစုစုပေါင်း (၁၅) ဦးပျောက်ဆုံးပြီဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နှင့် ခူမီးချင်းမျိူးနွယ်စုပေါင်းစပ်ညှိနှိုင်းရေးကောက်မတီ (KACC) တို့က ယခုလအစောပိုင်းက ထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကတော့ “ပလက်ဝမြို့နယ်မှာ သတင်းအစအနမရှိပျောက်ဆုံးတဲ့ဒေသခံ (၈၂) ဦးရှိတယ်” လို့ ပြောဆိုကြောင်း ဟားခါးမြို့အခြေစိုက် The Hakha Post သတင်းမှာ ဖော်ပြထားပါသည်။

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...